ဗီဒီယိုထဲမှာ သေနတ်တစ် ဘေးမှာထောင်ထားပြီး စကားပြောနေခဲ့ပါတယ်။

လူမြင်ကွင်းမှာတွေ့ရခဲတဲ့ အိုင်အက်စ်အကြမ်းဖက်အုပ်စုခေါင်းဆောင် အဘူဘာကာ အယ်လ်ဘ့်ဂ်ဒါဒီကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုတစ်ခုမှာ ပြန်လည်ထွက်ပေါ်လာတာ မြင်တွေ့ခဲ့ကြရပါတယ်။

(ဗီဒီယိုထဲမှာတွေ့ရသည့် အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ) (Photo: AP)

အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဧပြီ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ဝါဒဖြန့်ဗီဒီယိုထဲမှာ အဘူဘာကာ (Abu Bakr al-Baghdadi) ဖြစ်တယ်လို့ ယုံကြည်ရတဲ့ အမျိုးသားတစ်ဦးကို သေနတ်တစ် ဘေးမှာထောင်ထားပြီး စကားပြောနေတာ မြင်တွေ့ခဲ့ရပါတယ်။ ၎င်းက အိုင်အက်စ်ထိန်းချုပ်နယ်မြေများ လက်လွှတ်ဆုံးရှုံးခဲ့ရမှုကို လက်စားချေမယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။



အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာကို ၂၀၁၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း မည်သည့်နေရာမှာမျှ မြင်တွေ့ခဲ့ရခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။ ထိုစဉ်က အဘူဘာကာဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံရှိ အိုင်အက်စ်အုပ်စု သိမ်းပိုက်ခဲ့တဲ့ နယ်မြေဒသတွေကို ၎င်းတို့ အုပ်ချုပ်ရာနေရာအဖြစ် ကြေညာခဲ့ပါတယ်။

(၂၀၁၄ ခုနှစ် ဇူလိုင် ၅ ရက်နေ့က ဗီဒီယိုမှာတွေ့ရသည့် အဘူဘာကာ) (Photo: AFP)

ယခု ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ အဘူဘာကာက ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အုပ်စုရဲ့ နောက်ဆုံးလက်ကျန် အခြေစိုက်နေရာဖြစ်တဲ့ Baghouz မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ဝန်ခံပြောကြားသွားခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာရဲ့ ဗီဒီယိုကို မည်သည့်အချိန်ကာလမှာ ရိုက်ကူးခဲ့ကြောင်း အတိအကျ မသိရပါဘူး။

သို့သော် အဘူဘာကာက အဆိုပါ ဗီဒီယိုထဲမှာ Baghouz မြို့ကို လက်လွှတ်ခဲ့ရမှု၊ သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတို့ရှိ စစ်သွေးကြွတွေက ၎င်းကို သစ္စာခံကတိပြုမှုအကြောင်းတွေကို ပြောကြားထားပါတယ်။

အီရတ်လူမျိုးဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် အဘူဘာကာရဲ့ အမည်ရင်းဟာ အီဗရာဟမ် အော်ဝပ်ဒ် အီဗရာဟမ် အယ်လ်ဘက်ဒ်ရီ (Ibrahim Awwad Ibrahim al-Badri) ဖြစ်ပြီး ၎င်းရဲ့အသံကို ယမန်နှစ် သြဂုတ်လအတွင်း အိုင်အက်စ်က ထုတ်ပြန်ခဲ့တဲ့ အသံဖိုင်တစ်ခုမှာ နောက်ဆုံးအကြိမ် ကြားခဲ့ကြရပါတယ်။

(အိုင်အက်စ်ထိန်းချုပ်နယ်မြေများ လက်လွှတ်ဆုံးရှုံးခဲ့ရမှု)

ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ၁၈ မိနစ်ကြာ ဗီဒီယိုကို ဧပြီလအတွင်းမှာပင် ရိုက်ကူးထားခဲ့တယ်လို့လည်း ဆိုကြပါတယ်။ "Baghouz အတွက် တိုက်ပွဲကပြီးသွားပါပြီ၊ ဒီတိုက်ပွဲအပြီး နောက်ပိုင်းမှာ နောက်ထပ် တိုက်ပွဲတွေရှိလာအုံးမှာပါ" လို့ ဗီဒီယိုထဲမှာ အဘူဘာကာက ပြောထားပါတယ်။ လက်ရှိမှာ အိုင်အက်စ်အုပ်စုဟာ အားလျော့ဆုတ်ယုတ်လာမှုအတွက် ရုန်းကုန်လှုပ်ရှားနေတယ်လို့လည်း အဘူဘာကာက ပြောခဲ့ကြောင်းလည်း Reuters သတင်းက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က