ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီဟာ ယမန်နေ့က နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

အူနိုင်းအမ်မရီဟာ သောကြာနေ့မနက်ပိုင်းမှာ အာဆင်နယ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ အာဆင်နယ်ကို မကိုင်တွယ်မီ ဆီဗီလာနဲ့ပီအက်စ်ဂျီတို့မှာ အောင်မြင်မှုတွေရခဲ့တဲ့ အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၉-၂၀၂၀ ရာသီအစကတည်းက အသင်းရဲ့ခြေစွမ်းပိုင်းဟာ တည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေခဲ့ရပြီး ဆိုးရွားတဲ့ရလဒ်တွေရဲ့ နောက်ဆက်တွဲအဖြစ် အာဆင်နယ်အသင်းက နည်းပြအမ်မရီကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဝက်ဘ်ဆိုက်မှာ တင်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အူနိုင်းအမ်မရီက အသင်းပရိသတ်တွေကို စိတ်ခံစားမှုပေးစွမ်းနိုင်တဲ့ သတင်းစကား ပေးပို့ခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အသင်းနည်းပြဖြစ်ခဲ့ရတာ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်”

“ပရိသတ်တွေအားလုံးကို အာဆင်နယ်အသင်းရဲ့ ကြီးမြတ်မှုကို ခံစားနိုင်ဖို့နဲ့ ကျွန်တော့်ကို နားလည်အောင် ကူညီပေးခဲ့တဲ့အတွက် နှလုံးသားရဲ့ အောက်ခြေကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”

“ကျွန်တော်တို့ကို ကမ္ဘာရဲ့ နေရာတိုင်းကနေ အားပေးခဲ့ကြတဲ့ ခင်ဗျားတို့ အားလုံး၊ အမ်းမရိတ်ကို လာရောက်ခဲ့ကြတဲ့သူအားလုံး၊ ပွဲအပြီးမှာ ကျွန်တော့်ကို တွေ့ဖို့ နေပူမိုးရွာမရှောင် စောင့်ဆိုင်းခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”

“ခင်ဗျားတို့အားလုံးကို ကျွန်တော်ပြောချင်တာက ကျွန်တော် စိတ်ဆန္ဒပြင်းပြမှု၊ ပေးဆပ်မှု၊ အားစိုက်ထုတ်မှုတွေနဲ့ အလုပ်လုပ်ခဲ့တယ်ဆိုတာပါပဲ။ ခင်ဗျားတို့အတွက် ပိုကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေဖို့ထက် ကျွန်တော် ဘာကိုမှ ပိုပြီး မနှစ်သက်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က