လင်းဇာနည်ဇော်ရဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးက လက်ရှိမှာ ကင်ဆာဆိုတဲ့ ရောဂါဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရတဲ့ မိုက်တီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း လင်းဇာနည်ဇော်က ပြောပြခဲ့ပါတယ်။
Photo : လင်းဇာနည်ဇော်
ဒါရိုက်တာ မိုက်တီးဟာ အူမကြီး ကင်ဆာဆိုတဲ့ ရောဂါဆိုးကို ခံစားနေရတာကြောင့် ညီမဖြစ်သူ လင်းဇာနည်ဇော်က သေချာ ပြုစုစောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှု နှစ်ကြိမ်ပြုလုပ်ပြီး လက်ရှိအချိန် ဆေးသွင်းနေရတာ (၇)ကြိမ် ရှိပြီလို့ သရုပ်ဆောင် လင်းဇာနည်ဇော်က ဆိုပါတယ်။
“အကိုက အခုဆေးသွင်းနေတာ (၇)ကြိမ် ရှိပါပြီ။စောင့်ကြည့်နေရတာပေ့ါ။ ကင်ဆာဆိုတာက ရောဂါဆိုး လို့လည်း ပြောလို့ရတယ်။ ကုသိုလ်ကံပေါ်မှာ မူတည်တယ်။အနေအထိုင် အစားအသောက်ပေါ်မှာ မူတည်တယ်။ စိတ်ဓာတ်ခွန်အားပေါ်မှာ မူတည်တယ်။အစ်ကိုဆိုတော့လည်းအစ်ကိုမို့လို့ သွေးက စကားပြောတာပေ့ါနော်။ ဝိတ်မကျအောင် စိတ်ဓာတ်ပျော်ရွှင်အောင်၊ ကလေးတစ်ယောက်လို ပြုစုနေရတာပေ့ါ” လို့ သူမက ပြောပါတယ်။
ဒါရိုက်တာ မိုက်တီးဟာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)နဲ့ အရေးယူခြင်း ခံထားရတာဖြစ်ပါတယ်။ ပထမအကြိမ် ခွဲစိတ်ကုသမှု လုပ်နေချိန်မှာတော့ အမှုစစ်ဆေးမှုကို ခဏ ရပ်နားထားပေမယ့် အခုလက်ရှိအချိန်မှာတော့ စစ်ဆေးမှုတွေ လုပ်နေတာ တော်တော်ပြီးသွားပြီလို့ လင်းဇာနည်ဇော်က ပြောပါတယ်။
Photo : လင်းဇာနည်ဇော်
အရမ်းကြောက်တတ်တဲ့ အစ်ကိုဖြစ်သူမှာမှ ဒီရောဂါဆိုးကြီး ခံစားနေရတဲ့အတွက် နှစ်ဆပိုပြီးသနားမိတယ်လို့ သူမက ဆိုပါတယ်။
“သူက သနားဖို့ကောင်းတယ်။ သူခံစားရတာတို့ တစ်ခုခု ဖြစ်တာတို့ဆိုရင် ဘေးလူကို မဖော်ပြတတ်ဘူး ။ ရောဂါဆိုးကြီးကို သိချင်းအချိန်တုန်းက အစ်မတို့ ညီအစ်မတွေ သူ့ကိုပြောပြဖို့ ပြောမထွက်ခဲ့ဘူး။ ဒါပေမယ့် သူက အမတို့ကို ခံစားမှုကို ပေ့ါစေဖို့ သူဘာမှ မဖြစ်ဘူးဆိုပြီး ဖြေသိမ့်တယ်။ဘေးလူကို ပိုပြီး ကြည့်တတ်တယ်။ အူမကြီးဆိုတော့ တော်တော်ကို ခွဲလိုက်ရတာ။ အရင်တုန်းက အကိုက အရမ်းကြောက်တာ။ တစ်ခါတုန်းက ဆိုရင် သွားနှုတ်ဖို့ သွားဆရာဝန်ဆီ သွားတာ ဆရာဝန်က မေ့ဆေးပေးဖို့ အပ်ကြီးကို ကိုင်ပြီး ဆေးထိုးမယ်လုပ်တုန်း မေ့လဲသွားလို့ အမတို့ သွားခေါ်ရသေးတယ်။အရမ်းကြောက်တတ်တာ။ ကြောက်တတ်တဲ့လူက အခုလို ခွဲစိတ်မှုတွေလုပ်တာခံနေရတဲ့ အချိန်မှာ ဘယ်လောက်ထိ ကြောက်မဲဆိုတာ ပြောမပြပေမယ့် အမတို့က သိတယ်။ အဲ့အတွက် နှစ်ဆပိုသနားတယ်” ဆိုပြီး အစ်ကိုဖြစ်သူအပေါ် ဖြစ်မိတဲ့ စိတ်သဘောထားလေးတွေကို “အမျှအမျှ…” ရုပ်ရှင်ဇာတ်ကားအထူးပွဲ ပြသတဲ့နေ့က Duwun ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo : လင်းဇာနည်ဇော်
ဒါရိုက်တာမိုက်တီးကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ညက ကားပေါ်မှာ မူးယစ်စိတ်ကြွေ ဆးပြား ၂၆ ပြားတွေ့ရှိခဲ့တာကြောင့် တာမွေမြို့မရဲစခန်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ကျန်းမာရေး အခြေအနေကြောင့် အာမခံ ရရှိထားတဲ့ မိုက်တီးဟာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေရပြီး အမှုကိုလည်း ဆက်လက်ရင်ဆိုင်နေတယ်လို့ သိရပါတယ်။