ညီမဖြစ်သူ ချစ်ချစ်ဇော်က အသေးစိတ်ပြောပြထားပါတယ်။

ဒါရိုက်တာမိုက်တီးရဲ့ ကျန်းမာရေး အခြေအနေက အူမကြီးကင်ဆာရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။ ကျန်းမာရေးအတွက် ခွဲစိတ်ကုသနိုင်ဖို့ အာမခံရထားပြီးပြီလို့ ညီမဖြစ်သူ သရုပ်ဆောင်ချစ်ချစ်ဇော်က ပြောပါတယ်။ 

မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံနေရတဲ့ ဒါရိုက်တာ မိုက်တီးက လက်ရှိမှာ အူမကြီး ကင်ဆာရောဂါ ခံစားနေရတာဖြစ်ပါတယ်။ ဒီအတွက် ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ကုသရမယ့်အကြောင်းတွေကို ညီမဖြစ်သူ သရုပ်ဆောင် ချစ်ချစ်ဇော်က Duwun Media ရဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းမှုမှာ ပြောပြလာတာပါ။ 

‘’ လက်ရှိမှာ ကိုမိုက်က အူမကြီးကင်ဆာအပြင် အစာအိမ်ဟောင်းမှာလည်း အလုံးတွေ့တယ်။ အင်းစိန်ဆေးရုံမှာ ၁၃ ရက်လောက်တက်လိုက်ရတယ်။ အင်းစိန်ဆေးရုံရဲ့ ကျေးဇူးလည်းပါပါတယ်။ ကိုမိုက်က ဝမ်းသွားတိုင်း ခဏခဏသွေးပါတော့ သူစိတ်ထဲမှာ အရင်ကလည်း လိပ်ခေါင်းရောဂါရှိတော့ အဲ့ဒီကြောင့်လို့ပဲ ထင်တာ။ အင်းစိန်ဆေးရုံက ဆရာဝန်ကြီးတွေက ကြည့်လိုက်တာနဲ့ ဒါတစ်ခုခုကြောင့်ဆိုပြီး အူမကြီးတို့၊ အစာအိမ်တို့ ရောဂါရှာတဲ့ မှန်ပြောင်းနဲ့ကြည့်ပြီး အလုံးတွေ့တယ် အဲ့ဒါနဲ့ အသားစကို ယူပြီး စစ်ကြည့်တော့ အူမကြီးကင်ဆာဆိုတာ Confirm ဖြစ်သွားတာ။ ပိုသေချာအောင် စစ်ပေးတယ်၊ အင်းစိန်က ဆရာဝန်ကြီးတွေကတော့ ခွဲရမယ့်ရက်ကို ၂၄ ရက်နေ့လိ့ု သတ်မှတ်ပေးထားပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ချစ်ချစ်ဇော်

ဒါရိုက်တာ မိုက်တီးရဲ့ ကျန်းမာရေး အခြေအနေအတွက် အာမခံ ရရှိဖို့ကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရဲ့ အသနားခံစာနဲ့ အတူ မိသားစုတွေရဲ့ အသနားခံစာ တင်ခဲ့တာတွေကြောင့် ရရှိခဲ့တယ်လို့ သိရပါတယ်။ မိုက်တီးဟာ ဖခင်ကွယ်လွန်သွားတဲ့နောက်မှာတော့ စိတ်ကျရောဂါကိုလည်း ခံစားခဲ့ရတယ်လို့ ချစ်ချစ်ဇော်က ဆက်လက်ပြောပြထားပါတယ်။

‘’ အာမခံရဖို့အတွက်ကလည်း ရုပ်ရှင်အစည်းအရုံးက အားလုံးပေါ့နော် မေတ္တာနဲ့ ဝိုင်းပြီး ကူညီပေးကြပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုမိုက်က အဖေဆုံးသွားတုန်းကလည်း သူမလာရတော့ အရမ်းခံစားရတယ်။ အဲ့ဒီကတည်းက နည်းနည်းလေး စိတ်ကျရောဂါလိုမျိုးလည်း ဖြစ်သွားတယ်။ အင်းစိန်ထောင်မှာက နာမကျန်းဖြစ်တဲ့လူကို အင်းစိန်ဆေးရုံကို ပို့ရတယ်။ ဒါကလည်း အူမကြီးကင်ဆာဖြစ်နေတာကြောင့် ဆေးရုံကနေ ဆေးရုံမှာ လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ပြီးရင်တော့ အင်းစိန်ထောင်ကို ပြန်ပို့ပါတယ်။ အူမကြီးကင်ဆာဆိုတော့ ကင်ဆာကုထုံးတွေနဲ့ ထောင်ကနေ အင်းစိန်ဆေးရုံကိုသွားလိုက်ပေါ့။ အင်းစိန်ဆေးရုံကလည်း ထောင်က လူနာတစ်ယောက်ကို ကြာကြာမထားဘူးလေ။ပြီးတော့ ထောင်ကိုပြန်လွှတ်မယ်၊ ပြီးရင် ဆေးပြန်လာသွင်းရမှာဆိုတော့ အဲ့ဒါကို သူ ကြံကြံခံနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့် ရုပ်ရှင်အစည်းအရုံးကို အကူအညီတောင်းတယ်၊ ဒီရောဂါလေး ကုနေတဲ့ အချိန်အတွင်းကို အာမခံလေး ပေးဖို့၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေရဖို့ အတွက် ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံးကလည်း အသနားခံစာတင်ပေးတယ်။ အစ်မ တို့ မိသားစုတွေကလည်း အသနားခံစာတင်တယ်၊ အင်းစိန်ဆေးရုံက ဆရာဝန်ကြီးကလည်း ကိုမိုက်ရဲ့ ရောဂါအခြေအနေကို ပြောပြတယ်’’ လို့ ဆိုပါတယ်။

Photo: ချစ်ချစ်ဇော်

ဒါရိုက်တာ မိုက်တီးရဲ့ ကျန်းမာရေးအတွက် အာမခံ ရရှိခဲ့တာကြောင့် ပရိသတ်တွေကလည်း ဝမ်းသာနေကြတယ်လိ့ု သိရပါတယ်။ ပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာတွေအပေါ်မှာလည်း ချစ်ချစ်ဇော်က ကျေးဇူးတင်တဲ့အကြောင်း ထပ်မံပြောပြခဲ့ပါသေးတယ်။

‘’ ကိုမိုက်စဖြစ်ကတည်းက အစ်မတို့တင်တဲ့ ပို့စ်တွေမှန်သမျှ ပျော်စရာမရှိတော့ဘူး။ စိတ်မကောင်းဖြစ်တာနဲ့ ဘယ်လိုတင်တင် ပရိသတ်တွေက အစ်မတို့ကို အားပေးကြတယ်။ ဆုတောင်းပေးကြတယ်။ အဲဒီဆုတောင်း တာ တွေ၊ Comment တွေ ဖတ်တိုင်း မျက်ရည်ကျရတယ်။ ပရိသတ်တွေကို အရမ်းကျေးဇူးတင်တယ်။ သူတို့ ဆုတောင်းကြတဲ့ မေတ္တာတွေ အရမ်းများလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာကြီးကို အစ်မတို့ ရသွားတာပေါ့။ တကယ်ကို စာမေးပွဲအောင်သွားသလိုပါပဲ။’’ လို့ သူကဆိုပါတယ်။

Photo: ချစ်ချစ်ဇော်

ဒါရိုက်တာမိုက်တီးကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ညက ကားပေါ်မှာ မူးယစ်စိတ်ကြွဆေးပြား ၂၆ ပြားတွေ့ရှိခဲ့တာကြောင့် တာမွေမြို့မရဲစခန်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုက်တီး ဟာ ကျန်းမာရေး အခြေအနေကြောင့် ရုံးချိန်းတွေလည်း တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က