စပိန်အတွက် ဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲတာပါ။

မနေ့ညက ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ စပိန်တို့ရဲ့ ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာတော့ စပိန်က ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ နေးရှင်းလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ သာမန် ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။



ပင်နယ်တီအဆုံးအဖြတ်မှာတော့ စပိန်ဂိုးသမား အူနိုင်းဆိုင်မွန်က ခရိုအေးရှား ကစားသမားတွေဖြစ်တဲ့ မိုင်ယာ၊ ပတ်ကိုဗစ်တို့ရဲ့ ပင်နယ်တီတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ခရိုအေးရှားဘက်က ဗလာဆစ်၊ ဘရိုဇိုဗစ်၊ မိုဒရစ်၊ ပါရီဆစ်တို့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် အူနိုင်းဆိုင်မွန်က ပင်နယ်တီကို နှစ်လုံးအထိ ကာကွယ်နိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာပါ။

စပိန်အတွက် ဟိုဆေးလူ၊ ရိုဒရီ၊ မီရီနို၊ အဆန်စီယို၊ ကာဗာဟယ်လ်တို့က ပင်နယ်တီတွေကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး လာပေါ့တ် ဂိုးမဝင်ခဲ့ပေမယ့် နောက်ဆုံး အဆုံးအဖြတ်အပြီးမှာတော့ စပိန်တို့ ၅-၄ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆုဖလားဟာ စပိန် လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖျူယန်တေးလက်ထက် ပထမဆုံး ‌အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဒီရှုံးပွဲက ခရိုအေးရှားနဲ့ အသင်းခေါင်းဆောင် မိုဒရစ်အတွက်တော့ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းတဲ့ ရှုံးပွဲဖြစ်ခဲ့ပါတယ်။ မိုဒရစ်ဟာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝကို နိုင်ငံတကာ ဆုဖလား မရရှိဘဲ အဆုံးသတ်ရဖို့အတွက် တော်တော်လေး နီးကပ်လာခဲ့ပြီဖြစ်ပါတယ်။ မိုဒရစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာလည်း ခရိုအေးရှားနဲ့အတူ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ပြင်သစ်ကို အရေးနိမ့်ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါသေးတယ်။

မနေ့ညက နေးရှင်းလိဂ်ဗိုလ်လုပွဲမတိုင်ခင် ကစားခဲ့တဲ့ တတိယလုပွဲမှာတော့ အီတလီက နယ်သာလန်ကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိကာ တတိယနေရာ ရရှိခဲ့ပါတယ်။ အခု ခရိုအေးရှားနဲ့ စပိန်တို့ဟာ လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ်မှာ နောက်ထပ်ပွဲတွေ ကစားဖို့ မရှိတော့ဘဲ လာမယ့် စက်တင်ဘာလမှသာ ယူရို - ၂၀၂၄ ခြေစစ်ပွဲတွေကို ဆက်လက်ကစားရတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က