မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက လာမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို သူ့ရဲ့အသင်းဟောင်းက အနိုင်ယူနိုင်လိမ့်မယ်လို့ ခံစားရကြောင်း ပြောဆိုလိုက်ပါတယ်။ ရွန်နီကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးက ကျော်ဖြတ်နိုင်မယ်လို့ ပြောဆိုခဲ့သူဖြစ်ပါတယ်။
"မန်စီးတီးက ရီးရဲလ်ကို ဖြုတ်ပစ်မယ်လို့ ကျနော်ပြောခဲ့ပါတယ်၊ အက်ဖ်အေဖလားဗိုလ်လုပွဲမှာဆိုရင်တော့ ကျနော် တော်တော်လေးစိတ်လှုပ်ရှားရမယ်လို့ မျှော်လင့်ပါတယ်၊ ခက်ခဲတဲ့ပွဲတပွဲဖြစ်လာမှာပါ၊ ဒီပွဲက အချိန်ပိုအထိရောက်နိုင်ပြီး ပင်နယ်တီပါ ကစားရမယ်လို့ ထင်တယ်၊ ယူနိုက်တက်အနိုင်ရမယ်လို့ ကျနော်ခံစားရတယ်" လို့ ရွန်နီက ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ပွဲတုန်းက ရွန်နီရဲ့ ခန့်မှန်းချက်က မှန်ကန်ခဲ့လို့ ဒီတခါမှာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲကိုတော့ ဝင်ဘလေကွင်းကြီးမှာ ဇွန်လ ၃ ရက်နေ့ ကစားသွားမှာဖြစ်ပြီး မန်ချက်စတာဒါဘီဖြစ်လို့ ပိုပြီးအကြိတ်အနယ်ရှိမှာ သေချာပါတယ်။
အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ မန်စီးတီးက အနိုင်ရဖို့အတွက် ရေပန်းစားနေပါတယ်။ မန်စီးတီးဟာ တရာသီအတွင်း ဖလားသုံးလုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်သာ အနိုင်ရခဲ့မယ်ဆိုရင် မြို့ခံပြိုင်ဘက်ရဲ့ ဖလားသုံးလုံးအိပ်မက်ကို ဖျက်စီးပစ်နိုင်မှာ ဖြစ်ပါတယ်။