ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးဟာ အက်ဖ်အေဖလားဖိုင်နယ်အဖြစ် မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့တာကြောင့် စိတ်ထိခိုက်နေရကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ အဆိုပါပွဲမှာ ကက်စ်မဲရိုးက အရန်ခုံမှာတောင် မပါဝင်လာခဲ့တာပါ။
ကက်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၆) ပွဲမှာ ဗဟိုနောက်ခံလူနေရာကို ဆင်းကစားပေးခဲ့တာပါ။ ယူနိုက်တက်နောက်တန်းက ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရတာကြောင့် ကက်စ်မဲရိုးက အခုလိုမျိုး ကစားပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီဘရာဇီးသားက အမှားအယွင်းတွေ ကျူးလွန်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မာတီနက်ဇ်၊ ဗာရန်း၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာကနေ ပြန်သက်သာလာချိန်မှာတော့ ကက်စ်မဲရိုးကို တန်ဟက်ခ်က လူစာရင်းထဲတောင် မထည့်သွင်းတော့တာပါ။
တန်ဟက်ခ်ကတော့ ဒီပွဲအတွက် ကက်စ်မဲရိုးက ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိဘူးလို့ အကြောင်းပြခဲ့ပေမယ့် ကက်စ်မဲရိုးကတော့ တန်ဟက်ခ်ရဲ့လုပ်ရပ်ကြောင့် စိတ်ထိခိုက်နေရပါတယ်။ ကက်စ်မဲရိုးက သူ့အနေနဲ အနည်းဆုံးတော့ အရန်ခုံမှာရှိနေသင့်တယ်လို့ ယူဆပြီး ပွဲအပြီးမှာရရှိခဲ့တဲ့ ဆုတံဆိပ်ကိုလည်း မာလာစီယာကိုသာ ပေးလိုက်ပါတယ်။
ကက်စ်မဲရိုးကို ယူနိုက်တက်က လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့ အယ်လ်နာဆာအပါအဝင် ဆော်ဒီကလပ်သုံးသင်းက စိတ်ဝင်စားလျက်ရှိနေပါတယ်။