အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းကို ဘရိုက်တန်အသင်းခေါင်းဆောင်လီဝစ်ဒန့်ခ်က သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဘရိုက်တန်ဟာ ဂရမ်းစ်ဘီတောင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့ကာ ဆုဖလားတလုံးအတွက် မျှော်လင့်ချက်တွေ ရှိနေတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ကတော့ ဖူလ်ဟမ်ကို အနိုင်ယူခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရတုန်းက ယူနိုက်တက်ကို ဘရိုက်တန်က အနိုင်ကစားခဲ့ပြီး ဒီပွဲဟာ တန်ဟက်ဂျ်အတွက်တော့ ဘရိုက်တန်ကို အတိုးရော၊ အရင်းပါ ပေါင်းဆပ်ရမယ့်ပွဲဖြစ်ပေမယ့် ဒန့်ခ်ကတော့ သူတို့အသင်းရဲ့ အကောင်းဆုံးအချိန်မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ သတိပေးသွားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့က ကွဲပြားခြားနားတဲ့ နေရာတခုကို ရောက်နေပါပြိ။ ကမ္ဘာ့ဖလားမှာ ကျနော်တို့ ဘရိုက်တန်ကစားသမားတွေ ဘယ်လောက်အထိပါဝင်ခဲ့လဲ ပြန်ကြည့်လိုက်ပါ၊ ဒီလိုအကြီးမားဆုံးပြိုင်ပွဲမှာကို ပါဝင်ခဲ့ကြတာပါ၊ ဒါကြောင့်လည်း ဝင်ဘလေကို ယုံကြည်မှုအပြည့်နဲ့သွားမှာဖြစ်ပြီး ကျနော်တို့အရည်အသွေးနဲ့ ဗိုလ်လုပွဲကို ချီတက်ဖို့ အားထုတ်မှာပါ"
"ပွဲတိုင်းမှာ ကျနော်တို့ ဘာတွေလုပ်နေလဲဆိုတာကို အတိအကျသိထားပြီး ကျနော်တို့ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သိပါတယ်၊ နည်းပြကလည်း ကျနော်တို့ကို ယုံကြည်မှုအပြည့်ပေးထားပြီး လေ့ကျင့်ရေးရက်သတ္တပတ်တွေမှာ ကျနော်တို့ စွမ်းဆောင်ရည်ပိုကောင်းလာအောင် လုပ်ပေးနေပါတယ်၊ ကျနော်တို့ ယုံကြည်မှုအပြည့်နဲ့ သွားကစားမှာပါ"
"ချန်ပီယံလိဂ်ဝင်ခွင့်ယူမလား၊ အက်ဖ်အေဖလားဆွတ်ခူးမလားဆိုရင်တော့ နှစ်ခုစလုံးပေါ့ဗျာ၊ အဲဒီလိုဆိုရင် အရမ်းမိုက်မှာပဲ၊ ဒါက မဖြစ်နိုင်တာလည်းမဟုတ်ဘူးလေ" လို့ လီဝစ်ဒန့်ခ်က ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲကိုတော့ ဧပြီလ ၂၂ ရက်နေ့မှာ ကစားသွားမှာလည်းဖြစ်ပါတယ်။ ဘရီုက်တန်ကတော့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေကာ ချန်ပိယံလိဂ်ဝင်ခွင့်နေရာနဲ့ ၄ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။