မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ နယူးကာဆယ်တို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ မန်စီးတီးက ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်စီးတီးတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ခြောက်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ ဆက်တိုက် ပွဲပန်းနေသည့်တိုင် ဒီလိုအချိန်မျိုးမှာ ခြေစွမ်းပြနေကျ သူတို့ရဲ့ပုံစံအတိုင်း အခုလိုမျိုး နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာက နယူးကာဆယ်နဲ့ပွဲအပြီးမှာ သူ့အသင်းကို သူ ပြန်လည်ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာက “ဒီအသင်းမှာ အမြဲတမ်း ထူးခြားခမ်းနားတာ တစ်ခုခုရှိပြီး ဒါက တကယ်ကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့က ရှုံးထွက်ပွဲတွေ၊ ဖလားပွဲတွေကို အနိုင်ကစားနိုင်တယ်ဆိုတာ သိပါတယ်။ ဒီအတွက် အစောပိုင်းအဆင့်တွေကို အနိုင်ကန်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့က ကာရာဘောင်ဖလားကို (၄) နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီးပါပြီ”
“အခုဆိုရင် အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်ကို (၆) နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။ ကစားသမားတွေရဲ့ ကစားပုံက အံ့အားသင့်စရာပါပဲ။ သူတို့ကို ကျွန်တော် ဂုဏ်ပြုပါတယ်။ အရင်က ဒါမျိုး ဘယ်သူမှမလုပ်နိုင်ပါဘူး။ ကစားတာလည်း အရမ်းကောင်းခဲ့ပြီး ဘောလုံးရလာရင် အားလုံး စိတ်ချရပါတယ်”
“ကိုဗာဆစ်၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားတို့က ဘောလုံးကို ကောင်းကောင်း ကိုင်ထားနိုင်ပြီး ပွဲက တကယ်ကို ကောင်းခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့က သုံးရက်တစ်ခါတိုင်း၊ သုံးရက်တစ်ခါတိုင်း တွေ့နေရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။