ဘန်ဇီမာဟာ အယ်လ်အီတီဟတ် ကစားသမားဘဝ ပထမဆုံးပွဲဦးထွက်မှာ အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ပြင်သစ်လက်ရွေးစင်ဟောင်းကြီးဟာ လက်ရှိနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီး ဆော်ဒီမြေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။
ဘန်ဇီမာဟာ အယ်လ်အီတီဟတ်နဲ့ တူးနစ်တို့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ပြီး ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တူးနစ်က အယ်လ်အီတီဟတ်ကို အရင်ဆုံး စတင်ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် ပထမပိုင်းမှာတင် အသင်းအတွက် ချေပဂိုးကို အယ်လ်အီတီဟတ် ကစားသမား ဟမ်ဒါလာက သွင်းယူပေးခဲ့ပြီး ဒီဂိုးကို ဘန်ဇီမာက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း (၅၅) မိနစ်မှာတော့ အသင်းအတွက် အနိုင်ဂိုးကို ဘန်ဇီမာက လှလှပပကန်သွင်းယူပေးခဲ့ပါတယ်။
ဧရိယာထိပ်မှာ ရရှိလာတဲ့ ဘောလုံးကို ဘန်ဇီမာက လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့သွင်းဂိုးအပေါ် ပရိသတ်တွေက တော်တော်လေး ချီးကျူးနေကြပါတယ်။ ဘန်ဇီမာရဲ့ အယ်လ်အီတီဟတ်ဟာ ဆော်ဒီမြေမှာ အစဉ်အလာရှိ အသင်းတစ်သင်းဖြစ်ပြီး အခုလည်း အာရပ်ကလပ်များ ချန်ပီယံရှစ်ရဲ့ အုပ်စုပွဲစဉ်တွေကို ကစားလျက်ရှိတာပါ။
အယ်လ်အီတီဟတ်ဟာ လက်ရှိနွေရာသီမှာ ဘန်ဇီမာ၊ ကန်တေတို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားပြီး ဖာဘင်ဟိုကိုလည်း ထပ်မံခေါ်ယူဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိပါတယ်။