မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ရာသီကုန်မှာ လမ်းခွဲပြီးနောက် ဆော်ဒီကို ပြောင်းရွှေ့ဖို့အတွက် အားလုံးစီစဉ်ထားပြီးဖြစ်တယ်လို့ AFP သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ရော်နယ်ဒိုကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာရဲ့ ပြိုင်ဘက်အသင်း အယ်လ်ဟီလယ်ကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက် မက်ဆီဟာ ပေါင် ၅၂၂ သန်း တန်ဖိုးရှိတဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ရာသီကုန်မှာ အပြောင်းအရွှေ့ကို ကြေညာဖွယ်ရှိနေပါတယ်။ သူ့ရဲ့ အယ်လ်ဟီလယ်နဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအားလုံးဟာ ပြီးစီးခဲ့ပြီလို့လည်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က AFP ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပီအက်စ်ဂျီကတော့ AFP ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ်မှာ တစုံတရာတုံ့ပြန်ခြင်း၊ မှတ်ချက်ပြုခြင်းမရှိခဲ့ပါဘူး။ မက်ဆီဟာ ဆော်ဒီကို မကြာခင်ကမှ ခရီးသွားခဲ့ပြီး အသင်းကိုအကြောင်းမကြားခဲ့လို့ ပွဲကစားခွင့်နဲ့ လေ့ကျင့်ခွင့်ပိတ်ပင်ခံခဲ့ရသေးပြီး အခုအခါမှာတေ့ာ ပြန်လည်လေ့ကျင့်ခွင့်ရရှိနေပါတယ်။
ဆော်ဒီကို ပြောင်းရွှေ့ဖို့အတွက် မက်ဆီဟာ ပြီးခဲ့တဲ့လတွေကတည်းက ဖခင်ဖြစ်သူကို အားထုတ်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ တကယ်လို့သာ ဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် မက်ဆီက ကမ္ဘာ့လုပ်ခလစာအများဆုံးရ ဘောလုံးသမားတဦးဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက် ရော်နယ်ဒိုထက်လည်း လစာ ၂ဆနီးပါး ပိုမိုရရှိမှာလည်းဖြစ်ပါတယ်။