ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြကစားပေးနေတဲ့ ကွင်းလယ်လူဘယ်လင်ဟမ်က သူ့ရဲ့ ပထမဆုံးသော အယ်လ်ကလက်စီကိုပွဲစဉ် (တရားဝင်ပြိုင်ပွဲကိုဆိုလို) အတွက် အကောင်းဆုံးဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ရီးရဲလ်ရဲ့ အဓိကကစားသမားအဖြစ်နဲ့ ပြိုင်ပွဲစုံမှာ ခြေစွမ်းပြကစားနေကာ လာလီဂါရဲ့ အကောင်းဆုံးကစားသမားအဖြစ် အချိန်ခဏလေးအတွင်းမှာ ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီပွဲစဉ်ကိုတော့ မနက်ဖြန် ညမှာ ကစားသွားမှာဖြစ်ကာ လာလီဂါရဲ့ ထိပ်သီးနှစ်သင်း အားပြိုင်မှုကို ပရိသတ်တွေကလည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပြီဖြစ်ပါတယ်။ ဒီရာသီလာလီဂါမှာ သူတို့နှစ်သင်းက အမှတ်တူအနေအထားနဲ့ ဦးဆောင်နေပြီး ရလဒ်ကောင်းတွေ ကိုယ်စီပိုင်ဆိုင်နေကာ ရီးရဲလ်က အဝေးအသင်းအဖြစ်နဲ့ ကစားရမှာလည်းဖြစ်ပါတယ်။
ဒီပွဲနဲ့ပတ်သက်ပြီး ဘယ်လင်ဟမ်က "ဘရာဂါနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲကို ကျနော်ကျေနပ်ပါတယ်၊ အယ်လ်ကလက်စီကိုက ပရိသတ်တွေ၊ မီဒီယာတွေနဲ့ ဘောလုံးကြားမှာ ကြီးမားတဲ့ သက်ရောက်မှုရှိပြီး တချိန်တည်းမှာပဲ အသင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ ၃ မှတ်ရဖို့ အရမ်းအရေးပါပါတယ်"
"ကျနော်တို့က အရည်အသွေးရှိတဲ့ ကစားသမားတွေအများကြီးရှိတဲ့ အသင်းတသင်းဖြစ်ပြီး ဘာလုပ်ရမလဲဆိုတာကို သိထားရင် နိုင်ပွဲရမယ်လို့ ကျနော် ထင်ပါတယ်၊ ဒီစိတ်လှုပ်ရှားစရာအခိုက်အတန့်အတွက် ကျနော်စောင့်မျှော်နေပါတယ်၊ ဘာစီလိုနာကလည်း ကျနော်တို့ အရမ်းလေးစားရတဲ့ အသင်းပါ၊ ဒီပွဲကို ပျော်ပျော်ကြီးကစားနိုင်ဖို့ ကျနော် မျှော်လင့်ထားပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ဘာာစီလိုနာဟာ အဓိကကစားသမားတွေ ဒဏ်ရာရ၊ ပွဲပယ်ပြသနာနဲ့ ရင်ဆိုင်နေရပြီး လူငယ်ကစားသမားတွေကို အားကိုးနေရတာပါ။ ဒါ့အပြင် နူးကမ့်ကွင်းကိုလည်း ပြင်ဆင်နေတာမို့ အိမ်ကွင်းအဖြစ် တခြားကွင်းမှာ ကစားနေရပြီး ဒါတွေက ရီးရဲလ်အတွက အားသာချက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။