၅၆ နှစ်အတွင်း အယ်လ်ကလက်စီကိုပွဲတွေမှာ အကောင်းဆုံးနိုင်ပွဲဆက်မှုဖြစ်လာခဲ့ပြီး ဘာစီလိုနာကတော့ လာလီဂါမှာ ရီးရဲလ်ထက် ခေါင်းတလုံးနိမ့်နေပြီဆိုတာ ထင်ရှားစေခဲ့ပါတယ်။
မနေ့က ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာကို အနိုင်ရရှိခဲ့တဲ့နောက် ရီးရဲလ််မက်ဒရစ်ဟာ အယ်လ်ကလက်စီကိုပွဲစဉ် ၄ ပွဲဆက်တိုက်အနိုင်ရရှိတဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ၅၆ နှစ်အတွင်း အယ်လ်ကလက်စီကိုပွဲတွေမှာ အကောင်းဆုံးနိုင်ပွဲဆက်မှုဖြစ်လာခဲ့ပြီး ဘာစီလိုနာကတော့ လာလီဂါမှာ ရီးရဲလ်ထက် ခေါင်းတလုံးနိမ့်နေပြီဆိုတာ ထင်ရှားစေခဲ့ပါတယ်။
ဒေးဗစ်အလာဘာရဲ့ အဖွင့်ဂိုး၊ ပွဲပြီးခါနီးမှာ လူးကပ်စ်ဗက်ကွက်ဇ်ရဲ့ နောက်ထပ်သွင်းဂိုးတွေနဲ့ ရီးရဲလ်တို့ ဦးဆောင်နေခဲ့ပြီး အဂူရိုက သိက္ခာဆယ်သွင်းဂိုးတစ်ဂိုးရယူပေးခဲ့လို့ ၂-၁ နဲ့ ရီးရဲလ်တို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တဖက်မှာတော့ အက်သလက်တီကိုနဲ့ ဆိုဆီဒက်တို့ ၂ ဂိုးစီသရေကျခဲ့တာကြောင့် ရီးရဲလ်ဟာ တစ်ပွဲလျော့ကစားထားချိန်မှာ ဆိုဆီဒက်အောက် တစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
မက်ဆီ နဲ့ ရော်နယ်ဒိုတို့မရှိတော့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ဟာ အရင်ကလောက် ပြိုင်ဆိုင်မှုပြင်းထန်ခြင်းမရှိခဲ့တော့ဘဲ လူငယ်ကစားသမားတွေကြောင့်တော့ စိတ်ဝင်စားဖို့ကောင်းမွန်ခဲ့ပါတယ်။ ဗင်နီရှပ်၊ ရိုဒရိုင်ဂိုတို့လို ကစားသမားတွေ၊ ဂါဗီ၊ ပီဒရိုတို့လို စပိန်တက်သစ်စလူငယ်တွေကြောင့် ဒီရာသီ အယ်လ်ကလက်စီကိုပွဲစဉ်က တမူထူးခြားနေခဲ့ပြီး လာမယ့်နှစ်တွေမှာတော့ အရင်ကလို ပြိုင်ဆိုင်မှုပြင်းထန်တာတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။
ဒီရှုံးပွဲကြောင့် ဘာစီလိုနာကတော့ အဆင့် ၉ နေရာကို ရောက်ရှိသွားခဲ့ကာ ဆိုဆီဒက်နဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ရော်နယ်ကိုးမန်းအတွက်တော့ ရီးရဲလ်ကို အနိုင်ရယူနို်င်ခြင်းမရှိခဲ့ဘဲ အိမ်ကွင်း၊ အဝေးကွင်းမရွေး ရှုံးပွဲဆက်နေခဲ့ကာ ဇီဒန်း၊ အန်ဆယ်လော့တီတို့ကို ဆက်တိုက်အရေးနိမ့်နေခဲ့ပြီး ဘာစီလိုနာပရိသတ်တွေအတွက်လည်း မျက်နှာငယ်စရာဖြစ်နေခဲ့ရပါတယ်။