မော်ရင်ဟိုရောက်လာမှ ဆက်ဆံရေးတွေပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဘာစီလိုနာနောက်ခံလူဟောင်းဂျရတ်ပီကေးက ရီးရဲလ်မက်ဒရစ်ကို မော်ရင်ဟို ရောက်လာခဲ့ပြီးနောက်မှာ စပိန်အသင်းဖော်တွေကြား ဆက်ဆံရေးကောင်းတွေတောင် ပျက်စီးခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ကစားသမားဘ၀က အနားယူပြီးနောက် အင်တာဗျူးတွေ ဆက်တိုက်လုပ်နေတဲ့ ပီကေးက တချိန်က အကြောင်းအရာတွေကို အမှတ်တရ ပြန်လည်ပြောဆိုနေခဲ့ပြီး မော်ရင်ဟိုကြောင့် ဘာကာနဲ့ ရီးရဲလ်ကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မော်ရင်ဟိုကတော့ ၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာခဲ့တာပါ။ သူ ရောက်လေရာအသင်းတိုင်းမှာ သူ့ကစားသမားတွေကို တိုက်ပွဲဝင်လိုစိတ်ပြင်းပြဖို့အတွက် အမြဲတမ်းပုံသွင်းခဲ့တဲ့ မော်ရင်ဟိုက မဟာပြိုင်ဘက်ကြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကြားမှာလည်း ပွဲအရှိန်တွေ မြင့်တက်လာအောင် ဖန်တီးနိုင်ခဲ့ပြီး တကမ္ဘာလုံးက အယ်လ်ကလက်စီကိုပွဲတွေကို စိတ်ဝင်စားခဲ့ရပါတယ်။ 

ပီကေးက ဂျာနယ်လစ်ဂျွန်နဲလစ်နဲ့ အင်တာဗျူးမှာ "မက်ဒရစ်ကို မော်ရင်ဟိုမရောက်လာခင်အထိ ကျနော်နဲ့ ဆာဂျီယိုရာမို့စ်တို့က အချိန်ပြည့်သူငယ်ချင်းတွေလိုဖြစ်နေခဲ့တာပါ၊ သူ ရောက်လာပြီ​းနောက် အယ်လ်ကလက်စီကိုပွဲတွေက ပြိုင်ဆိုင်မှုပြင်းထန်လာတယ်၊ အဲဒီအချိန်မှာပဲ ကျနော်တို့ စပိန်လက်ရွေးစင်အသင်းမှာပါ ဆက်ဆံရေးတွေက အကောင်းဆုံးမဟုတ်တော့ဘူး"

"သူ ထွက်သွားပြီးနောက်မှာတော့ ဒီဆက်ဆံရေးတွေကို ပြန်ကောင်းအောင်လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်၊ ယူရို ၂၀၁၂ ဖလားကို စပိန်ရခဲ့ရာမှာ ဒီဆက်ဆံရေးတွေ​ပြန်ကောင်းမွန်ခဲ့မှုက အဓိကအချက်ဖြစ်မယ်လို့လည်း ထင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ အယ်လ်ကလက်စီကိုပွဲတပွဲမှာဆိုရင် ပြိုင်ဘက်ဘာစီလိုနာနည်းပြရဲ့ မျက်လုံးကိုတောင် နှိုက်ခဲ့တဲ့အထိ ပြုလုပ်ခဲ့ပြီး အငြင်းပွားစရာတွေ ဖန်တီးခဲ့သူပါ။ 

သူ့လက်အောက်မှာ ရီးရဲလ်မက်ဒရစ်က လာလီဂါဖလားကို စံချိန်တင်ရမှတ် ၁၀၀ နဲ့ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာထက် ၉ မှတ်အသာရခဲ့ပါတယ်။ 

Share

Loading Next Article...
က္က