အခု ကစားနေတဲ့ ဒါမက်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ရော်နယ်ဒိုက ပထမပိုင်းတပိုင်းတည်းမှာပဲ ၃ ဂိုးသွင်းယူကာ ဆော်ဒီလိဂ်မှာ ဒုတိယမြောက် ဟက်ထရစ်ကို ရယူထားခဲ့ပါပြီ။ ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းအတွက် အဖွင့်ဂိုးကို ၁၈ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီးနောက် ၂၃ မိနစ်နဲ့ ၄၄ မိနစ်မှာ နောက်တဂိုးသွင်းယူခဲ့တာပါ။
ဒီပွဲမှာ ဂိုးတွေရယူနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ ဆော်ဒီလိဂ်သွင်းဂိုးက ၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ၅ပွဲတည်းကစားပေးထားပြီး ၂ ကြိမ်ဖန်တီးပေးထားမှုလည်း ပါဝင်နေခဲ့ပါတယ်။ အသက် ၃၈ နှစ်ပြည့်သွားခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက ခြေစွမ်းပြကာ ဂိုးတွေဆက်တိုက်ရယူနေတာဖြစ်ပြီး ဆော်ဒီလိဂ်သမိုင်းမှာ စံချိန်သစ်တွေ ထပ်မံတင်နိုင်မယ့် အလားအလာရှိနေပါတယ်။
အယ်လ်နာဆာအနေနဲ့ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ည်း အခြေအနေကောင်းနေပြီး လာမယ့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရဖို့ကလည်း သေချာသလောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် ရော်နယ်ဒိုကို အခြားသော အာရှကလပ်တွေနဲ့ ပွဲမှာပါ မြင်တွေ့ရမှာဖြစ်ပြီး အာရှချန်ပီယံလိဂ်အပေါ် ပရိသတ်စိတ်ဝင်စားမှုပါ တိုးပွားလာမယ့် အနေအထားပါပဲ။
ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ရော်နယ်ဒိုရဲ့ အကျိုးသက်ရောက်မှုဟာ ဆော်ဒီလိဂ်အတွက်တင်မဟုတ်ဘဲ အာရှရဲ့ အဆင့်အမြင့်ဆုံး အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ရောက်ရှိလာမှာဖြစ်ပါတယ်။ အခု ဒီသတင်းကိုရေးနေချိန်အထိ သူက ဟက်ထရစ်သွင်းယူထားပြီး နောက်တဂိုးရခဲ့မယ်ဆိုရင်တော့ ဆော်ဒီလိဂ်သမိုင်းမှာ တရာသီအတွင်း တပွဲတည်း ၄ ဂိုးသွင်းယူနိုင်မှုကို ၂ ကြိမ်တိုင်တိုင်လုပ်ပြနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။