အယ်လ်နာဆာဂန္တဝင် ဟူစိန် အဗ္ဗဒူလ်ဂါနီက ဆော်ဒီ အာရေဗျကလပ်အသင်းကို ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောင်းရွှေ့ခဲ့ချိန်တုန်းက ၎င်းရဲ့ အကဲဖြတ်မှုဟာ မှားယွင်းသွားခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အယ်လ်နာဆာကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ကို ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းက ခေါ်ယူချိန်မှာ အယ်လ်နာဆာ ဂန္တဝင်က ပေါ်တူဂီကြယ်ပွင့်ဟာ ရီယက်ဒ်အခြေစိုက် အသင်းကို ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အကျိုးရှိစေမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ရော်နယ်လ်ဒိုက အယ်လ်နာဆာအတွက် အသုံးဝင်မှာမဟုတ်ပါဘူး။ စျေးကွက်မြှင့်တင်ရေးမှာရော နည်းစနစ်ပိုင်းမှာပါ အသုံးမဝင်နိင်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းက ရော်နယ်လ်ဒိုကို အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အချိန်မှာလည်း အဗ္ဗဒူလ်ဂါနီက “ရော်နယ်လ်ဒိုကို ခေါ်ယူတဲ့ ရည်မှန်းချက်က နည်းစနစ်ပိုင်း မပါပါဘူး။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအထိ အယ်လ်နာဆာ ဂန္တဝင်က ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြိုင်ပွဲစုံမှာ အသင်းအတွက် ၂ ပွဲပါဝင်ကစားပေးခဲ့ပြီးနောက်မှာ “ရော်နယ်လ်ဒိုရဲ့အဆင့်အတန်းက ယုံကြည်စရာမရှိသေးဘူး”လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဂန္တဝင်က ပုံမှန်ခြေစွမ်း ပြန်လည်ရရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ အယ်လ်နာဆာအတွက် ၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ တည်ရှိနေမှုက ဆော်ဒီ ပရိုလိဂ်ကလပ်ရဲ့ အရည်အသွေးကို ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ မြင့်တက်လာစေခဲ့တာကို မြင်တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ အယ်လ်နာဆာဂန္တဝင်က ၎င်းရဲ့အကဲဖြတ်မှုက မှားယွင်းခဲ့ကြောင်း ဝန်ခံလိုက်ပြီဖြစ်ပါတယ်။
“ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော့်အရင်တုန်းက မှတ်ချက်တွေက သူ့အနေနဲ့ အယ်လ်နာဆာအတွက် စိတ်ဆန္ဒပြင်းပြမှု မရှိလောက်ဘူးထင်ခဲ့လို့ပါ။ ဒါပေမယ့် အခုတော့ သူက အသင်းအတွက် အများကြီး ပေးနိုင်တာတွေ ရှိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။