ဆော်ဒီမှာ ရော်နယ်ဒို စိတ်ညစ်နေပြီလို့ ယူဆရပါတယ်။

၂၀၂၃ ဇန်နဝါရီကမှ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြိး ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ လပိုင်းအကြာမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာချင်နေတယ်လို့ အံ့အားသင့်ဖွယ်ရာ သတင်းထွက်လာခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ အထိ ရရှိနေတယ်လို့ ယုံကြည်နေရပြီး ကမ္ဘာ့လုပ်ခလစာအများဆုံးရ ဘောလုံးသမားအဖြစ် ရပ်တည်နေတာပါ။

ဒါပေမယ့် စပိန်သတင်းဌာန El Nacional ရဲ့ ဖော်ပြချက်မှာတော့ ရော်နယ်ဒိုက အယ်လ်နာဆာက ထွက်ခွာပြီး ဥရောပက သူ့အသင်းဟောင်းတွေဆီ ပြန်လည်ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေတယ်လို့ ပါရှိပါတယ်။ အဆိုပါသတင်းဌာနက ရေးသားထားရာမှာတော့ "ပီရက်ဇ်က ရော်နယ်ဒိုအတွက် ဘာနေဗျူးမှာ ဘာအနှောင့်အယှက်မှမရှိစေရဘူးလို့ အာမခံထားပါတယ်၊ ဒါပေမယ့် ကစားသမားတဦးအနေနဲ့တော့ သူ လက်ခံမှာမဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်" လို့ တွေ့ရပါတယ်။ 

ဂျူဗီကစားသမားဟောင်းလည်းဖြစ်တဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာ ၅ လကြာကစားပြီးနောက် ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ဒါပေမယ့် စဉ်းစားစရာကတော့ ရော်နယ်ဒိုအတွက် များပြားလှတဲ့ ငွေကြေးတွေကို အယ်လ်နာဆာက သုံးစွဲထားရတာဖြစ်လို့ သူ့ကို အလွယ်တကူနဲ့ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ကလပ်နဲ့ ကစားသမားကြားမှာလည်း စာချုပ်သက်တမ်း ၂ နှစ်ရှိမယ်လို့ ယူဆရပြီး ရော်နယ်ဒိုအနေနဲ့ စာချုပ်မပြည့်ခင် အသင်းကထွက်ခွာမယ်ဆိုရင် လျော်ကြေးပေးချေရနိုင်တဲ့ အချက်ကို ထည့်သွင်းထားဖွယ်ရာလည်း ရှိပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လအတွင်း ဆော်ဒီမှာ သူ့ရဲ့ အပြုအမူတွေအတွက် ဝေဖန်ခံနေရပြီး မက်ဆီနဲ့ ခိုင်းနှိုင်းကာ လှောင်ပြောင်မှုတွေကိုလည်း ရင်ဆိုင်နေခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က