ဆော်ဒီကလပ်က ဒီဂီယာအတွက် ချဉ်းကပ်မှုတွေ လုပ်နေပါပြီ။

မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် အသင်းလက်မဲ့ဖြစ်သွားခဲ့တဲ့ ဂိုးသမားဒေးဗစ်ဒီဂီယာဟာ ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့နိုင်ဖွယ်ရာ ရှိနေပါတယ်။ ဆော်ဒီကလပ်ဘက်က ဒီဂီယာကို စိတ်ဝင်စားနေပြီး အလွတ်ခေါ်ယူနိုင်ဖို့အတွက်ကို ကြိုးစားနေတယ်လို့ သိရပါတယ်။ 

ယူနိုက်တက်ကတော့ ဒီဂီယာနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ပြောဆိုထားသလို ဂိုးသမားသစ်လည်း ရှာဖွေနေလို့ သူ့အနာဂတ်က မရေမရာဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အယ်လ်နာဆာက သူ့ကိုချိတ်ဆက်လာခဲ့ပြီး တပတ်လုပ်ခ ပေါင် ၂သိန်းခွဲအထိ ပေးချေသွားမယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။ 

ဒီဂီယာအနေနဲ့ အယ်လ်နာဆာကို ပြောင်းရွှေ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပြန်လည်ဆုံတွေ့မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဒီဂီယာကို ခေါ်ယူဖို့ ဥရောပကလပ်တွေထဲက ကမ်းလှမ်းထားတဲ့ အသင်းကလည်း မရှိသေးတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ပါတယ်။

အယ်လ်နာဆာဟာ အင်တာမီလန်ကွင်းလယ်လူဘရိုဇိုဗစ်ကိုလည်း ခေါ်ယူထားပြီး ချယ်လ်ဆီးတောင်ပံကစားသမား ဇီယက်ချ်နဲ့တော့ သဘောတူညီမှုရပြီးကာမှ ဆေးစစ်မှုမှာ အဆင်မပြေဖြစ်ခဲ့လို့ လက်လျှော့ခဲ့ရပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်အတွက် ၁၂ နှစ်ကြာကစားပေးခဲ့ပြီး ၅၄၅ ပွဲကစားပေးခဲ့ကာ အသင်းရဲ့ ကာလရှည်ဂိုးသမားဖြစ်ခဲ့သူပါ။ 

Share

Loading Next Article...
က္က