ပေါ်တိုက လက်ရွေးစင်အသင်းဖော်ကို သူ့အသင်းဆီ ပြောင်းလာဖို့ ဖုန်းဆက်ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ပေါ်တိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အိုတာဗီယိုကို ဖုန်းဆက်သွယ်ခဲ့ပြီး အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့အတွက် စည်းရုံးခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။ လာမယ့်ရာသီအတွက် အယ်လ်နာဆာက ပြင်ဆင်မှုတွေ လုပ်နေရာမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းချင်နေသေးပြီး အိုတာဗီယိုက ပစ်မှတ်တခု ဖြစ်လာခဲ့တာပါ။ 

အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ခေါ်ယူပြီးနောက် အယ်လ်နာဆာက နောက်တဦးအလိုရှိနေပြီး ရော်နယ်ဒိုက အိုတာဗီယိုအတွက် အကြံပေးခဲ့ပုံရပါတယ်။ ပေါ်တူဂီအသင်းဖော်ကိုလည်း သူက တိုက်ရိုက်ဖုန်းခေါ်ဆိုကာ အယ်လ်နာကို ပြောင်းရွှေ့လာဖို့နဲ့ ဒီမှာလာရောက်ကစားရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားခွင့်ရမလဲဆိုတာကို ပြောပြခဲ့တယ်လို့ ပေါ်တူဂီသတင်းစာ Abola က ဖော်ပြခဲ့ပါတယ်။ 

အိုတာဗီယိုရဲ့ တန်​ကြေးဟာ ယူရိုသန်း ၄၀ အထိရှိပြီး သူ့အတွက် တနှစ်ကို လုပ်ခလစာက အနည်းဆုံး ယူရို ၁၀ သန်းကနေ ပေးချေရဖွယ်ရှိပါတယ်။ ပေါ်တိုကတော့ သူတို့ရဲ့ အားထားရတဲ့ ကစားသမားကို ထိုက်တန်တဲ့ ပြောင်းရေကြေးရမယ်ဆိုရင် ရောင်းချသွားဖွယ်ရာရှိပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာရဲ့ အဓိကကစားသမားဖြစ်သလို ကစားသမားအပြောင်းအရွှေ့မှာလည်း သူ့ဆီက အကြံဉာဏ်ကို ကလပ်အသင်းက ရယူနေတယ်လို့ ယူဆရပါတယ်။ အိုတာဗီယိုက အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်ကာ ပေါ်တိုအတွက် ၂၈၁ ပွဲကစားထားပြီး ၃၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒီရာသီပြီးရင်တော့ သူ့ရဲ့ အနာဂတ်ကလည်း ဘယ်ကိုဦးတည်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပါ။


Share

Loading Next Article...
က္က