အယ်လ်နာဆာကတော့ လာမယ့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရသွားခဲ့ပါပြီ။ လိဂ်ပွဲတွေမပြီးသေးပေမယ့် အယ်လ်နာဆာနဲ့ အပြိုင် ဒုတိယနေရာကို လုနေတဲ့ အယ်လ်ရှာဘတ်အသင်းဟာ အာရှလိုင်စင် မလုပ်ထားတာကြောင့် ဝင်ပြိုင်ခွင့်ရရင်တောင် ကစားရမှာမဟုတ်လို့ အယ်လ်နာဆာက ကစားခွင့်ရဖို့ သေချာခဲ့တာလို့လည်း ရော်နယ်ဒို Fan Page တွေက ဖော်ပြခဲ့ကြပါတယ်။
ဒါဟာ ရော်နယ်ဒိုသာ အသင်းမပြောင်းဘူးဆိုရင် သူ့ကို အာရှချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် မြင်တွေ့ရတော့မှာပါ။ ဥရောပမှာတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီးလို့ တင်စားခံခဲ့ရပြီး သူ့နာမည်ကိုလည်း မစ္စတာချန်ပီယံလိဂ်လို့တောင်မှ ခေါ်ဝေါ်ခံခဲ့ရသူပါ။
ချန်ပီယံလိဂ်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် သူက အခုချိန်ထိ ရပ်တည်နေပြီး သူ့ကို အနီးကပ် ခြိမ်းခြောက်နေတာက မက်ဆီပါ။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလား ၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေခဲ့ပြီး အာရှချန်ပီယံလိဂ်မှာလည်း သူ ဒီလိုစွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
ရော်နယ်ဒိုသာ အယ်လ်နာဆာနဲ့အတူ ဝင်ရောက်ကစားခဲ့မယ်ဆိုရင်တော့ ဒီပြိုင်ပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှုက သေချာပေါက်ကို မြင့်တက်လာမှာပါ။ ဆော်ဒီလိဂ်ပွဲတွေကိုတောင်မှ အခုဆိုရင် ကမ္ဘာတလွှားမှာ တိုက်ရိုက်ထုတ်လွှင့်နေပြီဖြစ်ပြီး အာရှချန်ပီယံလိဂ်ကိုလည်း ထုတ်လွှင့်မှုက မြင့်တက်လာဖွယ်ရာရှိပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာတော့ အယ်လ်နာဆာအတွက် ၁၆ ပွဲကစားပေးထားပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။
ဒါပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီသားဟာ လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဆော်ဒီရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံမှာ အသားမကျဖြစ်နေပြီး ရော်နယ်ဒိုတယောက် တော်တော်လေး အသားကျအောင် ကြိုးစားနေရတာကလည်း သူ့ကို အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာစေဖို့အတွက် တွန်းအားတခုအဖြစ် ရှိနေပါတယ်။