ရော်နယ်ဒိုကတော့ အယ်လ်နာဆာအတွက် ၄ပွဲဆက်တိုက်ဂိုးသွင်းပြီး အသင်းကို အာရပ်ကလပ်ဖလားဗိုလ်လုပွဲဆီ ပို့ပေးလိုက်ပါတယ်။ ဒါဟာ အယ်လ်နာဆာအတွက် ဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေက သူတို့ကို ပို့ဆောင်ပေးခဲ့တာလို့ ဆိုရပါတယ်။
ပွဲကစားချိန်အတွင်း ရော်နယ်ဒိုက အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့သလို သူ သွင်းယူခဲ့တဲ့ ဂိုးကလည်း လူကျွံတယ်လို့ VAR က ဆုံးဖြတ်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ မာနေးကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ သူ ကန်သွင်းယူပြီး အသင်းကို အဖိုးတန်နိုင်ပွဲရရှိစေခဲ့ကာ ဗိုလ်လုပွဲကို တက်ရောက်စေခဲ့ပါတယ်။
ရော်နယ်ဒိုအတွက်လည်း အယ်လ်နာဆာနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲတပွဲကို ကစားရမှာဖြစ်ပါတယ်။ ပြီးတော့ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပြီး အယ်လ်ဟီလယ်ကို ကျော်ဖြတ်ဖို့သာ လိုပါတော့တယ်။ အယ်လ်ဟီလယ်ကတော့ နီဗက်စ်၊ ဆာဗစ်၊ မယ်လ်ကွန်၊ ကူလီဘလီတို့ ကစားနေလို့ အင်အားတောင့်တဲ့အသင်းဖြစ်နေပြီး မယ်လ်ကွန်က ထူးရှယ်ခြေစွမ်းပြနေပါတယ်။
မာနေးကြောင့် ရော်နယ်ဒိုက တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေ အများကြီးရလာခဲ့တာကို ညကပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ မာနေးရဲ့ လှုပ်ကစားမှုက ရော်နယ်ဒိုကို နေရာလွတ်တွေရစေပြီး သူ့ရဲ့ အဆုံးသတ်ပိုင်း သေချာရင် ဒီထက်မက ဂိုးတွေရလာဖွယ်ရှိပါတယ်။ အခု အယ်လ်နာဆာက ဆော်ဒီမှာ သူတို့ရဲ့ မဟာပြိုင်ဘက်တသင်းဖြစ်တဲ့ အယ်လ်ဟီလယ်နဲ့ ရင်ဆိုင်ရပါတော့မယ်။ ရော်နယ်ဒိုတယောက် အယ်လ်နာဆာနဲ့ ပထမဆုံးဆုဖလားကို ရယူနိုင်မလား စောင့်ကြည့်ရပါတော့မယ်။