တရုတ်ပရိသတ်တွေဟာ အယ်လ်နာဆာတို့ တရုတ်နိုင်ငံကို ရောက်ရှိနေသည့်တိုင် ရော်နယ်ဒိုကို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မမြင်တွေ့ခဲ့ရတာကြောင့် အသင်းတည်းခိုရာ ဟိုတယ်ရှေ့အထိ သွားရောက်အော်ဟစ်ခဲ့ကြကြောင်း သိရှိရပါတယ်။
အယ်လ်နာဆာဟာ ဇန်နဝါရီ (၂၄) ရက်နေ့နဲ့ (၂၈) ရက်နေ့တို့မှာ ရှန်ဟိုင်းရှန်ဟွာ၊ ရှန်ကျန်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုက ဒီမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာကတည်းက ဒဏ်ရာရရှိလာခဲ့တာကြောင့် အခု ခြေစမ်းပွဲနှစ်ပွဲစလုံးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဒါ့အပြင် ပရိသတ်တွေကလည်း ရော်နယ်ဒိုကို လေ့ကျင့်ခန်း အစီအစဉ်မှာတောင် မမြင်တွေ့ရတာကြောင့် ရှန်ကျန်းက အယ်လ်နာဆာတည်းခိုရာ ဟိုတယ်ရှေ့အထိ သွားရောက်ကာ ရော်နယ်ဒိုရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက တရားဝင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို ခြေစမ်းပွဲတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရတာပါ။
ရော်နယ်ဒိုက “ကျွန်တော် တရုတ်နိုင်ငံကို ချစ်သလို ခင်ဗျားတို့နဲ့အတူ ဒီမှာရှိရတာကိုလည်း သဘောကျပါတယ်။ ကျွန်တော် ခင်ဗျားတို့အတွက် ကစားပေးချင်ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကို (၂၀၀၃)၊ (၂၀၀၄) လောက်ကတည်းက လာနေကျပါ။ ဒီနေရာက ကျွန်တော့်အတွက် အိမ်လို ခံစားရပြီး ဒုတိယအိမ်လိုပါပဲ”
“ကျွန်တော်တို့ ပွဲကို ဖျက်သိမ်းလိုက်တာ မဟုတ်ပါဘူး။ ရွှေ့ဆိုင်းလိုက်တာပါ။ ကျွန်တော်တို့ ပြန်လာပါ့မယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်တော့်မှာ ဒဏ်ရာပြဿနာအချို့ရှိခဲ့ပြီး ဒါကလည်း ကျွန်တော်နဲ့ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ” လို့ ဖြေရှင်းသွားခဲ့ရပါတယ်။