ရိးရဲလ်မက်ဒရစ်ကတော့ အက်စ်ပန်ညိုကို အနိုင်ယူပြီး လာလီဂါချန်ပီယံအဖြစ်အောင်ပွဲခံသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ၃ နှစ်အတွင်းမှာပဲ ဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်သလို ဒီရာသီမှာ ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသားနောက်ကောက်ချကာရာသီပြီးဆုံးဖို့ ၄ ပွဲအလိုမှာပဲ ဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အက်စ်ပန်ညိုကို အနိုင်ရရှိခဲ့တဲ့ပွဲရဲ့ ပွဲကစားချိန် ၇ မိနစ်မှာတော့ ရီးရဲလ်ပရိသတ်တွေဟာ သူတို့ရဲ့ ဂန္ထဝင်ကစားသမားကြီး စီရော်နယ်ဒိုရဲ့ နာမည်ကို ဟစ်ကြွေးကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုရဲ့ မွေးခါစကလေးငယ်တဦး ကွယ်လွန်ခဲ့တဲ့အပေါ်မှာ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပေးခဲ့တာဖြစ်တယ်လို့ ယူဆရပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ မာဆယ်လိုနာမည်ကိုလည်း အော်ဟစ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။
မာဆယ်လိုကတော့ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မယ့်ကစားသမားဖြစ်ပါတယ်။ ဆယ်စုနှစ်တခုကျော်ကြာ ဘာနေဗျူးမှာရှိခဲ့တဲ့နောက် မာဆယ်လိုဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး အမှတ်တရပေါင်းများစွာကို ချန်ထားရစ်ခဲ့တော့မှာလည်း ဖြစ်ပါတယ်။ အသင်းနဲ့အတူ လာလီဂါဖလားထပ်မံဆွတ်ခူးနိုင်ခဲ့ပြီးနောက် သူက ရီးရဲလ်သမိုင်းမှာ ဆုဖလားအများဆုံးရကစားသမားအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
စုစုပေါင်း ဆုဖလား ၂၄ လုံးအထိ မာဆယ်လိုက ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့အတူ အသင်းဖော်တွေအဖြစ် ရှိနေချိန်မှာ သူတို့နှစ်ဦးက ညီအကိုတွေလို ချစ်ခင်ရင်းနှီးခဲ့သူတွေဖြစ်ခဲ့ပါတယ်။ မနေ့ကပွဲစဉ်မှာတော့ ရီးရဲလ်ပရိသတ်တွေရဲ့ အပြုအမူဟာ သူတို့နှစ်ဦးအတူရှိနေခဲ့တဲ့ ကာလတွေကို ပြန်အမှတ်ရစရာဖြစ်လာခဲ့ရပြီး အသင်းကထွက်ခွာမယ့် မာဆယ်လိုအတွက်လည်း ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။