လုံးဝရေကစားခွင့်မပြုဘူးလို့ သိရပါတယ်။

မကြာခင် ဧပြီလ ၁၁ ရက်နေ့မှာ ကျရောက်တော့မှာဖြစ်တဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်မှာ အုန်းလက်မဏ္ဍပ်တောင် ထိုးခွင့်မပြုသလို ရေကစားခွင့်လည်း မရှိတော့ဘူးလို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က Duwun ကိုပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပွားချိန်နဲ့ မြန်မာ့ရိုးရာသင်္ကြန်ကာလဟာ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့လာတာဖြစ်တဲ့အတွက် ယခုနှစ် သင်္ကြန်ပွဲတော်ကိုတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ ရေကစားခွင့်မပြုတော့ဘဲ နှစ်စဥ်ရပ်ကွက်တိုင်းမှာပြုလုပ်လေ့ရှိတဲ့ အုန်းလက်မဏ္ဍပ်ကို တောင် ထိုးခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ 



"သင်္ကြန်ကာလဟာ ကမ္ဘာ့ကပ်ရောဂါကျရောက်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက် အုန်းလက်မဏ္ဍပ်တောင်မထိုးပါနဲ့ ။ သင်္ကြန်ရေကစားခွင့်မရှိပါဘူး၊ ဒီလိုပဲကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်၊ လိုအပ်လို့ရှိရင်တော့ ဒေသန္တရအမိန့်များထုတ်ပြန်ပြီးတော့ ကြပ်မတ်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်"လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်က Duwun ကို ပြောပါတယ်။

ရောဂါကူးစက်မှုပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် သင်္ကြန်ပွဲတော်ကျင်းပမယ့်အစီအစဉ်တွေကို ပြီးခဲ့တဲ့မတ်လရဲ့ဒုတိယပတ်လောက်ကတည်းက ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ သင်္ကြန်ပွဲတော်နဲ့ပတ်သက်လို့ မကြာခင်မှာ တိကျပြတ်သားတဲ့ဒေသန္တရအမိန့်တစ်စုံတစ်ရာထုတ်ပြန်သွားဖို့ရှိပြီး လိုက်နာမှုမရှိခဲ့ ရင်တော့ ဥပဒေအတိုင်းပဲအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

မကြာခင်ရောက်ရှိတော့မယ့်သင်္ကြန်အခါသမယဟာ လူစုလူဝေးလုံးဝရှောင်ရမယ့် မတွေ့ကြုံဖူးသေးတဲ့သင်္ကြန်မျိုးကိုဖြတ်ကျော်ရမှာ ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသား ဖော်ပြ ထားပါတယ်။ ယခုနှစ်သင်္ကြန်ပွဲတော်ဟာ ရက်ထပ်နှစ်ဖြစ်တာကြောင့် ဧပြီလ ၁၁ရက်နေ့ကနေ ၁၆ရက်နေ့ထိ စုစုပေါင်းသင်္ကြန်ရက် ငါးရက်တာကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ COVID-19 ရောဂါဟာ လူစုလူဝေးနေရာတွေမှာ မြန်မြန်ဆန်ဆန် ကူးစက်နိုင်တာဖြစ်တဲ့အတွက် သင်္ကြန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်း အပါအဝင် ပွဲလမ်း သဘင်အခမ်းအနားတွေကို ဧပြီလကုန်အထိ ကျင်းပခွင့်မပြုတော့ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ရက်က ထုတ်ပြန်ပြီးတဲ့နောက်မှာ မန္တလေးသင်္ကြန်ကို ရပ်နားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က