ဖွေးဖွေးကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါ။ ဖွေးဖွေးကတော့ ဇွန်လကစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီလို့ ဆိုပါတယ်။
ကားအက်ဆီးဒင့်ကြောင့် အနုပညာအလုပ်တွေ နားထားရတဲ့ သရုပ်ဆောင် ဖွေးဖွေးဟာ ဇွန်လကနေစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီလို့ ဆိုပါတယ်။ ဖွေးဖွေးက ပွဲတွေ တက်ဖြစ်နေသလို ကြော်ငြာတွေ ပြန်ရိုက်နေပြီဖြစ်ပေမယ့် ရုပ်ရှင်ပိုင်းကိုတော့ နားထားသေးတယ်လို့ ပြောပါတယ်။
“၂၀၁၉ ကတော့ ဖွေးအတွက် rest year လို့ ပြောရမှာပေ့ါ။ ဖွေးကားအက်ဆီးဒင့်ဖြစ်ပြီးတော့ လက်ကျန်းမာရေးအတွက် ရုပ်ရှင်ကားရိုက်တွေ နားထားတယ်ဆိုပေမယ့် အခု ဇွန်လက စပြီး ဖွေးပွဲတွေ ပြန်တက်မယ် ဓာတ်ပုံတွေ ပြန်ရိုက်မယ်။ ကြော်ငြာတွေလည်း ပြန်ရိုက်မယ်။ ရုပ်ရှင်တွေပဲ နားထားတာပါ။ အားလုံးလည်း စိတ်ပူပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်” လို့ ဇွန်လ(၂) ရက်နေ့က လုပ်တဲ့ Maybelline ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Photo : Amazing Grace
ဖွေးဖွေးက လက်ရှိမှာ Gym တွေလည်း ပြန်ဆော့ဖြစ်နေသလို ခန္ဓာကိုယ် ထိန်းသိမ်းမှုတွေ ပြန်လုပ်နေပါပြီ။ ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကနေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
Photo : Amazing Grace
ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။