ဘိုင်ယန်မြူးနစ်နောက်ခံလူ အူပါမီကာနိုကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ ပွဲတင်ဆက်နေသူရဲ့ ထူးခြားတဲ့ နာမည်ပေးမှုနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ ပထမအကျော့တုန်းကလည်း အမှားတွေကျူးလွန်ခဲ့တဲ့ ပြင်သစ်နောက်ခံလူဟာ ညကပွဲမှာလည်း အမှားတွေထပ်မံပြုလုပ်ခဲ့ပြီး ဟာလန်းရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရမှုမှာ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပါတယ်။
ပွဲချိန်ဒုတိယပိုင်းမှာ ဟာလန်းရဲ့ ထိုးဖောက်မှုကို လိုက်လံဟန့်တားရင်း အူပါမီကာနိုတယောက် လဲကျခဲ့တဲ့အထိ ဖြစ်ခဲ့ကာ အဆိုပါအနေအထားကနေ ဟာလန်းက ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့တာကလည်း အူပါမီကာနိုရဲ့ လက်နဲ့ထိခဲ့တာကြောင့်ဖြစ်ကာ ဟာလန်းလွဲချော်ခဲ့လို့သာ သက်သာရာရခဲ့တာပါ။
ဒီပွဲကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အာရပ်ရုပ်သံလိုင်းတခုက အူပါမီကာနို ဘောလုံးဆွဲယူလာချိန်မှာ "အူပါ..အူပါမက်ဂွိုင်းယား" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ တလွဲတချော်ကစားပုံတွေကို မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းယားနဲ့ပါ နှိုင်းယှဉ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
မက်ဂွိုင်းယားကလည်း ယူနိုက်တက်မှာ တော်တော်လေးလှောင်ပြောင်ခံနေရသူဖြစ်ကာ သူ ဝင်ကစားချိန်ဆို ပရိသတ်တွေ ဘုရားတနေရတာဖြစ်ပါတယ်။ အူပါမီကာနိုကလည်း အလားတူဖြစ်နေပြီး ဆိုးဆိုးရွားရွားကို ခြေစွမ်းကျဆင်းနေကာ ပွဲချိန်တွင်း ကစားပုံနဲ့ ဆုံးဖြတ်ချက်တွေက ထိပ်တန်းအဆင့်နောက်ခံလူတဦးအနေအထားမှာ မရှိနေတာလည်းဖြစ်ပါတယ်။