ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ကင်းကောင်ဟာရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဟာသလူရွှင်တော် သရုပ်ဆောင်ကင်းကောင်နဲ့ ပတ်သက်တဲ့ အမှတ်တရ စကားသံတွေကို ဇာဂနာ၊ သက်မွန်မြင့်၊ ဝတ်မှုန်ရွှေရည်၊ အောင်ရဲထိုက် နဲ့ သူရထူးတို့က ပြောပြထားပါတယ်။

(ကင်းကောင်ရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်)

ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကင်းကောင်နဲ့ အမှတ်တရအကြောင်းတွေကို အနုပညာရှင်တွေက ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပြောပြထားပါတယ်။ သရုပ်ဆောင် ဇာဂနာ၊ သရုပ်ဆောင်သက်မွန်မြင့်နဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၊ အောင်ရဲထိုက်နဲ့ သူရထူးတို့က ပြောပြထားတာပါ။ 

သက်မွန်မြင့်ရဲ့အမှတ်တရစကားသံ

‘’ဒီမနက်နိုးတော့ ဒီသတင်း အရင်မြင်လိုက်ရတယ်။ ရင်ထဲ ဟာကနဲ!!! ကိုယ်အရမ်းချစ်ရတဲ့ ဦးကင်း။ မော်ဒယ်ဘဝ အစပိုင်းမှာ ကြော်ငြာတူတူရိုက်ကြရင်း သူလည်း ကိုယ့်ကိုချစ်၊ ကိုယ်လည်းချစ် ဘယ်အချိန်တွေ့တွေ့ မပြောင်းလဲတဲ့ အချစ်တွေနဲ့ ချစ်ပေးတဲ့ ဦးကင်း။ တကယ် ဝမ်းနည်းရပါတယ် ဦးကင်းရယ်။ ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ စိတ်ထားကောင်းတဲ့သူ ကံကောင်းတယ်တဲ့။ အရမ်းချစ်စရာကောင်းတဲ့ဦးကင်း ဒီဘဝထက်သာတဲ့ ဘဝမှာ အေးချမ်းပါစေနော်။ (၂၀၁၅ ဒီဇင်ဘာက ရှုတင်မှာ တူတူဆုံခဲ့ကြတာ နောက်ဆုံးပဲနော်။ ဟိုတလောက ဦးဖိုးဖြူနဲ့တွေ့တော့ မေးလိုက်သေးတယ်။ နေကောင်းတယ်တဲ့)" လို့ သက်မွန်မြင့်ရဲ့ ေဖ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီ ၅၂ မိနစ် က ရေးတင်ခဲ့တာဖြစ်ပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်

ဇာဂနာရဲ့အမှတ်တရစကားသံ

’တက္ကသိုလ် ကျောင်းသားဘဝ အငြိမ့်ကတော့ လူပြက်နာမည်က အရှည်ကြီး။ နာမည်အရင်းက မျိုးမြင့်။ ကျွန်တော်နဲ့တွေ့တော့ ကင်းကောင် လို့ နာမည်ပြောင်းပေးလိုက်တယ်။ လူကောင်က ထွားတာကိုး။ မြပုဏ္ဏမာ ဆိုတာ ၁၉၈၅ ကနေ ဒီနေ့ထက်ထိပဲ။ မြပုဏ္ဏမာကို ပထမ ဆုံး လက်ပြ နှုတ်ဆက်သွားတာ သူ ဖြစ်သွားပြီ။ သူ အိပ်ယာပေါ် လဲ တော့ ကျွန်တော် အနားမှာ အမြဲ ရှိတယ်။ခွဲ ဖို့ စိတ်ဖို့ လက်မှတ်ထိုးတာက အစ သွေးရှာတာ အဆုံး။သက်သာလာတော့ အနုပညာပိုး ကသတ်မသေ။ လောလောဆယ် ပြနေတဲ့ သာမိုမီတာ ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်သေးတယ်။ ဒီကနေ အခု ပုပ္ပါး ကဇာတ်လမ်းတွဲ ပါ လို့ဆိုပြီး မိသားတစ်စုလုံး သွားကြတာ။ ကြာသပတေးသား ကြာသပတေးနာမ် မြို့မှာ ကံကုန်ရှာတယ်။အရှည်ကြီးရေ..မင်းချက်ကျွေးနေကျ ချဉ်စော်ကားဟင်း မစားရတော့ဘူးပေါ့။ ပြည်လမ်းမ ညမိုးချုပ် မှာ ကြိုးကုပ် ကျက်မှတ်ခဲ့တဲ့ ခွန်းတောက်လေပြေ တွေ ကျန်နေဦးမှာပါ။တစ်နေ့တော့ တို့ ညီအကိုတွေ ပြန်ဆုံကြဦးမယ်’’ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ် က ဇာဂနာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo: ဇာဂနာ

ဝတ်မှုန်ရွှေရည်ရဲ့အမှတ်တရစကားသံ

’ လွန်ခဲ့တဲ့ ၅/၆ နှစ်က ကလောမှာ ရုပ်ရှင်သွားရိုက်ခဲ့တုန်းက အချိန်တွေ ဘယ်တော့မှ မမေ့ပါဘူး။ ရှုတင် ရိုက်ကွင်းမှာရော ရိုက်ကွင်းနောက်မှာရော ဦးကင်း မစရင် အနားသွားပြီးစခိုင်းတာ တစ်ချိန်လုံး ဦးကင်းကလည်း သမီးလေးလို အမြဲစ အမြဲ ဟာသတွေ လုပ်ပြ မစရရင်တောင် ရယ်နေရလို့ အမြဲ ပျော်နေတာ။ အခုလိုသတင်းကြားရတော့ စိတ်မကောင်းလိုက်တာ။ ဦးကင်းရေ အမြဲသတိရနေမှာပါ။ အခုတော့ အဓိပတိလမ်းနဂ္ဂတစ်များက ရုပ်ရှင်မှာ ကစ်တို့နဲ့ နောက်ဆုံး သရုပ်ဆောင်သွားတာပေါ့။ အဲဒီ ကားလေးကြည့်ပြီးလွမ်းနေတေ့ာမှာပါ။ တကယ် အမှတ်တရတွေ အများကြီးပါဦးကင်းရေ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဇန်ဝါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသမယ့် ‘’အဓိပတိလမ်းက နဂ္ဂတစ်များ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ကင်းကောင် နဲ့ ဝတ်မှုန်ရွှေရည် အတူသရုပ်ဆောင်ထားပါသေးတယ်

Photo: ကင်းကောင်ဖေ့စ်ဘွတ်. Amazing Grace

အောင်ရဲထိုက်ရဲ့ အမှတ်တရစကားသံ

သရုပ်ဆောင် အောင်ရဲထိုက်ကလည်း ‘’ဘယ်သူ့ကို အဖေခေါ်ရမှာလဲ’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကင်းကောင်နဲ့ အတူ သရုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါသေးတယ်။

‘’မှတ်မှတ်ရရ အောင်ပန်းမှာ ကားရိုက်ဆုံတော့ ကျွန်တော့်ကို ဇွဲရှိရမယ်၊ သည်းခံရမယ် ၊ ကြိုးစားရမယ်လို့ ဦးကင်းပြောခဲ့တာ မှတ်မိနေသေးတယ်။ အရမ်းကြိုက်ခဲ့ရတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးနဲ့ ရုပ်ရှင်တစ်ကားတည်းမှာ တူတူ သရုပ်ဆောင်ခွင့်ရခဲ့တာအတွက် အမြဲအမှတ်ရနေမှာပါ’’ လို့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ကင်းကောင်. အောင်ရဲထိုက်

သူရထူးရဲ့အမှတ်တရစကားသံ

‘’သူပါတဲ့ပုံဆိုလို့ကျွန်တော့်ဘဝမှာ အဲဒီတစ်ပုံပဲရှိတယ်။ ဆရာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကျောင်းတုန်းထဲက သူငယ်ချင်း အဲဒါကိုမမှတ်မိဘဲ ရိုက်ကွင်းမှာ ဆရာဆရာလို့ခေါ်နေတာ ပြီးမှဟေ့ကောင်ဖြစ်သွားတဲ့အကြောင်းကို ဟာသဆန်ဆန်ပျော်အောင်ပြောတတ်လိုက်တာ ဦးကင်းက။ နိုင်နိုင်ကလဲစတတ်၊ ဦးကင်းကလဲနောက်၊ ဦးမျိုး ကလဲဖောက်၊ ဦးနေမျိုး ကလဲမြှောက်ပေး ကျွန်တော့်မှာအဲဒီနေ့ပါးစပ်မစိခဲ့ရပါဘူး။ အခုတော့တကယ်မရယ်ရတော့ဘူး နော်’’ ဆိုပြီး တော့ ‘’ ရင်ခွင်မဲ့ကလေးငယ်များအတွက် ရံပုံငွေ ရုပ်ရှင်၊ ဂီတဖျော်ဖြေပွဲကြီး’’ မှာ ပြဇာတ်အတူတူ ကခဲ့ရတဲ့ အမှတ်တရတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: သူရထူး

အိန္ဒြာကျော်ဇင်ရဲ့ အမှတ်တရ စကားသံ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကလည်း အနုပညာအလုပ်တွေ အများကြီးတွဲလုပ်ခဲ့ရတဲ့ ဟာသလူရွှင်တော် ကင်းကောင် အတွက် အမှတ်တရ စကားတွေ ရင်ဖွင့်ထားပါသေးတယ်။

‘’ဦးကင်းရေ တကယ်စိတ်မကောင်းဘူး။ ဦးကင်းနဲ့အတူ ကားပေါင်းများစွာ ရိုက်ခဲ့ကြတယ်။ ကြော်ငြာတွေတွဲရိုက်ခဲ့ကြတယ်။ ခရီးပေါင်းများစွာအတူတူသွားခဲ့ကြတယ်။ ဟာသပျက်လုံးတွေကြားမှာ အတူတူ ရယ်မောခဲ့ကြတယ်။ ခုတော့ အားလုံးရှောင်လွှဲလို့မရတဲ့လမ်းကို ဦးကင်းကြီး ဒီနေ့ထွက်သွားပြီပေါ့နော်။

ဦးကင်းရဲ့စနောက်တတ်တဲ့ အိုက်တင်တွေ မျက်လုံးထဲက မထွက်သေးဘူး။ အူဝဲတို့ရင်ထဲမှာ ဦးကင်းအမြဲရှိနေဦးမှာပါ။ ဦးကင်း ကောင်းရာသုကတိလားပါစေ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: အိန္ဒြာကျော်ဇင်

ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲက ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အတွက် အနုပညာအသိုင်းအဝိုင်းသာမက ပရိသတ်တွေကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲလို့နေပါတယ်။

(ကင်းကောင်ရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်)

ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ပြီး ကွယ်လွန်ခဲ့တဲ့ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဒီနေ့(ဇန်နဝါရီလ ၂၂ ရက်နေ့)မှာ ရန်ကုန်မြို့ ရေဝေးသုဿာန်ကို သယ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ ကင်းကောင်ရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာကြသူတွေဟာ ဒီနေ့ ညနေ ၄ နာရီ ၂ မိနစ်က ၈၅ မိုင် အမြန်လမ်းကို ကျော်လာပြီလို့ သိရပါတယ်။ 

Share

Loading Next Article...
က္က