ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ရဲ့ အဓိက အမျိုးအစားနှစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ရောဂါဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို လေ့လာနေတဲ့ တရုတ်သုတေသီတွေက ပြောပါတယ်။
(Photo: AFP/Getty Images)
Chinese Academy of Sciences လက်အောက်ရှိ Peking University's School of Life Sciences and the Institut Pasteur of Shanghai မှ သုတေသီတွေက ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သို့သော် ယခုတွေ့ရှိမှုဟာ အကန့်အသတ်ရှိတဲ့ အချက်အလက်ကို ဆန်းစစ်လေ့လာခဲ့မှုအရဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကို ပိုမိုနားလည်သိရှိရန် နောက်ထပ် ပိုများပြားတဲ့ အချက်အလက်တွေကို လေ့လာရန် လိုအပ်တယ်လို့လည်း သုတေသီတွေက သတိပေးခဲ့ပါတယ်။ သုတေသီတွေရဲ့ ကနဦး လေ့လာမှုအရ ဗိုင်းရပ်စ်အသစ်ရဲ့ ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်စေနိုင်တဲ့ အမျိုးအစားတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ဝူဟန်မြို့မှာ ရောဂါဖြစ်ပွားမှုတွေကို လေ့လာကြည့်ရာမှာ ၇၀ ရာခိုင်နှုန်းက ရောဂါပိုမိုပြင်းထန်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ဆက်နွယ်နေပြီး ၃၀ ရာခိုင်နှုန်းကတော့ ရောဂါမပြင်းထန်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။ ရောဂါပိုမိုပြင်းထန်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစား ကူးစက်ပျံ့နှံ့မှုဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ လျော့ကျသွားခဲ့တယ်လို့လည်း တရုတ်သုတေသီတွေက ပြောပါတယ်။
(Photo: Ahn Young-Joon/AP)
COVID-19 ဗိုင်းရပ်စ်ကူးစက်မှုဟာ စတင်တွေ့ရှိခဲ့တဲ့ တရုတ်ပြည်မကြီးမှာ ဆက်တိုက်လျော့ကျလာခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီရန်နဲ့ အီတလီကဲ့သို့ တရုတ်ပြင်ပ နိုင်ငံတွေမှာ စိုးရိမ်ဖွယ်ရာ မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်နိုင်ငံတို့မှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို အစိုးရိမ်ဆုံးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာတဲ့ နိုင်ငံတွေအနက် မတ်လ ၄ ရက် ညပိုင်းအထိ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ ၅,၃၂၈ ဦးနဲ့ သေဆုံးသူ ၃၂ ဦး၊ အီရန်မှာ ကူးစက်ခံရသူ ၂,၉၂၂ ဦးနဲ့ သေဆုံးသူ ၉၂ ဦး၊ အီတလီမှာ ကူးစက်ခံရသူ ၂,၅၀၂ ဦးနဲ့ သေဆုံးသူ ၇၉ ဦးအထိ မြင့်တက်ခဲ့ပါတယ်။
(Photo: AFP)
မတ်လ ၄ ရက် ညပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၂,၉၈၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၂၁၇ ဦး ဖြစ်ပါတယ်။ မတ်လ ၄ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၈၀,၂၇၀ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃,၇၁၇ ဦးရှိလာခဲ့ပြီး ၎င်းတို့အနက် ၅၁,၀၂၆ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။