အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ရှုံးနိမ့်ခဲ့တာပါ။

တနင်္ဂနွေနေ့ည ၁၁ နာရီ ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အစဉ်အလာပြိုင်ဘက်တွေဖြစ်တာနဲ့အညီ ပွဲစကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်အသင်းက လူကာကူနဲ့ ဖရက်ဒ်တို့ရဲ့အပိုင်ကန်သွင်းမှုဟာ တိုင်ထိသွားခဲ့တဲ့အတွက် မန်ယူအသင်း နစ်နာခဲ့ရပါတယ်။

အိမ်ရှင် အာဆင်နယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၁၂ မိနစ်မှာ ဇာခါက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းယူခဲ့တာကို ဒီဂီယာ မကာကွယ်နိုင်ခဲ့တဲ့အတွက် အာဆင်နယ်အသင်း အဖွင့်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်မြှင့်တင်ခဲ့ပြီး လူကာကူ အပိုင်အခွင့်အရေးကို အသုံးချနိုင်ခဲ့ခြင်းမရှိတာကြောင့် ချေပဂိုး ရရှိမယ့်အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး ၆၈ မိနစ်မှာ လာကာဇက်ကို ဖရက်ဒ် ကစားပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အာဆင်နယ်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

ပင်နယ်တီပြစ်ဒဏ်ဘောကို အူဘာမီယန်းက အမှားအယွင်းမရှိ ကန်သွင်းယူပြီး အာဆင်နယ်အသင်း ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယမြောက်သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ခြေစွမ်းမပြနိုင်တဲ့ ဒါလော့ကို ထုတ်ပြီး မာရှယ်ကို လူစားဝင်ကစားစေခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲမြောက်မှာ ပထမဆုံး ရှုံးပွဲကို တွေ့ကြုံခဲ့ရပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က