နာပိုလီနဲ့ပွဲကို ဥရောပပွဲ ၁၀၀ မြောက်အဖြစ် ကိုင်တွယ်ခဲ့သူပါ။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ နာပိုလီအသင်းနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အဝါကတ်ပြား ပြသမခံရမီ ဒိုင်လူကြီးနဲ့ အချေအတင်ပြောခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

စိတ်ပျက်နေတဲ့ ယာဂင်ကလော့ပ်ဟာ ဗုဒ္ဓဟူးနေ့ညနေမှာ နာပိုလီအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ပထမပို်င်းမှာ ထူးထူးဆန်းဆန်း အဝါကတ်ပြား ပြသခံခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ဒရိုင်းမာတန်ရဲ့ ၂၁ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးနောက်ခံကစားသမား လော့ဗ်ရန်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့်် ချေပဂိုး ရရှိသွားခဲ့ပေမယ့် လီဗာပူးအသင်းဟာ နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ အုပ်စုပွဲစဉ် ၁ ပွဲသာ ကစားဖို့ လိုတော့တဲ့အချိန်မှာ သရေကျခဲ့တာကြောင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ဟာ နာပိုလီအသင်းနဲ့ပွဲစဉ်မှာ ဥရောပပွဲပေါင်း ၁၀၀ ပြည့်ပွဲစဉ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ဘာကြောင့် အဝါကတ်ပြားပြသခံခဲ့ရတာလဲလို့ မေးမြန်းခဲ့ရာမှာ BT Sports ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် မလုပ်နဲ့လို့ ဒိုင်လူကြီးကို ပြောခဲ့တာပါ”

“သူ ပွဲကို ၂ ခါတောင် ရပ်တန့်ခဲ့ပြီး ကြီးမားတဲ့စိတ်ရှုပ်စရာဖြစ်အောင် လုပ်ခဲ့ပါတယ်။ အသင်း ၂ သင်းစလုံးအတွက် အလျင်အမြန်ပြန်စတင်ဖို့ အခွင့်အရေးရှိခဲဲ့ပေမယ့် သူ ၂ ခါတောင် ကြားဝင်ဖြတ်ခဲ့ပြီး ကစားသမားတွေကို ပြောစရာတွေရှိနေခဲ့တယ်”

“အဲဒီတော့ ကျွန်တော်က ‘ခင်ဗျား ဘာလို့ အဲဒီလိုလုပ်တာလဲ။ ကျေးဇူးပြုပြီးမလုပ်ပါနဲ့’လို့ ပြောခဲ့တာပါ။ ပြီးတော့ ကျွန်တော် အဝါကတ်ပြား ပြခံရတော့တာပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က