In partnership with  logo
ခေါင်းအစခြေအဆုံးချည်ထိုးနဲ့ပတ်သက်သမျှ Handmade ပညာတွေ ဝေမျှပေးနေသူပါ။

၂၀၁၈ ခုနှစ်ကနေ စတင်ပြီး ချည်အိတ်လေးတွေ လိုချင်တဲ့ ဆန္ဒနဲ့ အွန်လိုင်းပေါ်ကနေ ချည်ထိုးသင်ယူခဲ့တဲ့ မမေရီကျော်ဟာ ငါးနှစ်တာကာလအတွင်းမှာတော့ ချည်ထိုးလောကရဲ့ နေရာတစ်ခုမှာ ရပ်တည်လာနိုင်သလို ကိုယ်တိုင်လည်း သင်တန်းသားထောင်ချီရှိတဲ့ ဆရာမတစ်ဦးဖြစ်လာခဲ့ပါတယ်။ 




ချည်ထိုးအိတ်တွေ လိုချင်တဲ့ဆန္ဒနဲ့ စတင်ခဲ့တဲ့ စီးပွားရေး 


အဲဉ ရယ်လို့ ချည်ထိုးလက်မှုပစ္စည်းလေးတွေ မထိုးခင်၊ သင်တန်းတွေမသင်ခင် ၊ မရောင်းခင်မှာ ပထမဆုံး စတင်ခဲ့တဲ့ စိတ်ကလေးကတော့ ချည်ထိုးအိတ်လေးတွေကို လွယ်ချင်တဲ့ ၊ လိုချင်တဲ့ စိတ်နဲ့ အွန်လိုင်းကနေ စလေ့လာပြီးထိုးဖြစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကနေစပြီး ချည်ထိုးခဲ့တာဖြစ်ပြီး ပထမဆုံး ထိုးဖြစ်ခဲ့တဲ့ အိတ်မှာတင် ဝယ်သူက ကြိုက်နှစ်သက်ပြီး ဝယ်သွားရာက ချည်ထိုးလက်မှုလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ဗီဒီယိုဖိုင်တွေကို ထပ်ခါတလဲလဲ လိုက်ထိုးကြည့်ရာကနေ ခုလို လက်ရာမြောက်လှပတဲ့ ချည်အိတ်ကလေးတွေ၊ ချည်ရုပ်ကလေးတွေကို သင်တန်းပေးနေသူတစ်ယောက်နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။ 





လက်ရာကောင်းမွန်လွန်းတာကြောင့် အပြင်သင်တန်းစဖွင့်ဖြစ်ခဲ့ 


မှာယူသူတွေများလာတဲ့အတွက် အိတ်ကလေးတွေ အများကြီး ထိုးပြီးတဲ့ နောက်မှာတော့ အိတ်လက်ရာတွေ ကောင်းမွန်လွန်းတာကြောင့် လာရောက်တက်ချင်တဲ့ သင်တန်းသားတွေ များပြားလာပြီး အိမ်မှာ ကျူရှင်သဘောမျိုး ဖွင့်ပြီး သင်ကြားပေးရာကနေတစ်ဆင့် အွန်လိုင်းဂရုတွေနဲ့ သင်ဖြစ်သွားတာလို့ သိရပါတယ်။ 


သက်သာတဲ့ သင်တန်းကြေးတွေနဲ့ အွန်လိုင်းသင်တန်းတွေ စဖွင့်ခဲ့သူ 


အိတ်သင်တန်းတွေစတင်သင်ပေးခဲ့ပြီးနောက်မှာတော့ ခေါင်းအစခြေအဆုံး ချည်ထိုးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တစ်ခုပြီးတစ်ခု ထပ်မံ ဖွင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အိတ်မျိုးစုံ ၊ ဘီးကုပ်၊ ကလစ်၊ အရုပ်၊ ဖုန်းထည့်အိတ်ကလေးတွေ၊ ကီးချိန်း ၊ ဖိနပ်စတဲ့ သင်တန်းဂရုမျိုးစုံကို တစ်ထောင်တန်၊ သုံးထောင်တန် ၊ ငါးထောင်တန် စသဖြင့် ဈေးနှုန်းသက်သက်သာသာလေးတွေနဲ့ သင်ကြားပေးနေတာပါ။ အိတ်ထိုးနည်းတွေမှာဆိုရင်လည်း အိတ်တစ်အိတ် လှပသေသပ်စွာဖန်တီးဖို့အတွက် ဆိုဒ်ချနည်း၊ အတွင်းလက်ချုပ်လိုက်နည်း၊ လက်ကိုင်ကြိုးလုပ်နည်း၊ ကော်ချပ်ကပ်နည်း၊ အတွင်းစချုပ်နည်း အဆင့်တိုင်းကို အသေးစိတ်သင်ပေးထားတယ်လို့သိရပါတယ်။


“ခုဆိုရင် သင်တန်းတွေကလည်း များလာပြီ။ သုံးဆယ်ကျော်၊ လေးဆယ်ဝန်းကျင်လောက်ရှိမယ်။ ကိုယ့်ဂရုကိုယ်တောင်မရေမိဘူးအများကြီးရှိတယ်။ သင်တန်း Member တွေကတော့ အနည်းဆုံး တစ်ရာ နှစ်ရာကျော်ကနေ ဈေးကွက်မှာ အရမ်းပေါက်သွားတဲ့ အိတ်တွေဆိုရင်တော့ သင်တန်းသူ တစ်ထောင်ကျော်တက်ကြပါတယ်” လို့ အဲဥကပြောပါတယ်။ 



ချည်ထိုးဂရုတွေကရတဲ့ တစ်နေ့တာဝင်ငွေ


အွန်လိုင်းဂရုတွေဖြစ်တတ်တဲ့အတွက် ပုံသေဝင်ငွေရယ်လို့ မရှိပေမယ့် အနည်းဆုံးကကို တစ်နေ့ကို ငါးသောင်းလောက် ဝင်ငွေရတယ်လို့ သိရပါတယ်။ 

“သင်တန်းကြေးချည်းပဲကတော့ အနည်းဆုံး ငါးသောင်းလောက်တော့ ဝင်ငွေရှိတယ်။ တကယ်တော့ Discount ချတဲ့ ရက်တွေဆိုရင်တော့ တစ်နေ့ကို သိန်းဆယ်ချီပြီးတော့ ဝင်တယ်။ ဒါပေမယ့် Discount ကတော့ အမြဲတမ်းတော့ မချဖြစ်ဘူး”  


ပြည်ပအထိ ချည်အိတ်တွေ တင်ပို့ရောင်းချနေရသူ 


လက်ရာမြောက်လှတဲ့ လက်ရာတွေကို ပြည်တွင်းတွင်သာမက ပြည်ပမှာလည်း တင်ပို့ရောင်းချနေရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံ သုံးနိုင်ငံကတော့ အပို့ရအများဆုံးဖြစ်ပြီး ဝယ်ယူသူတွေကတော့ လက်မှုချည်ထိုးအိတ်လေးတွေကို နိုင်ငံခြားသားတွေဆီ လက်ဆောင်ပေးတာမျိုး လုပ်လေ့ရှိတယ်လို့ အဲဉကပြောပါတယ်။ 



လက်ရှိမှာတော့ ချည်ထိုးအိတ်တွေအပြင် ကုန်ကြမ်းပစ္စည်းဆိုင်လေးဖွင့်ထားလျက်ရှိ 


ချည်ထိုးသင်တန်းက ရတဲ့ ဝင်ငွေက မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များစွာဖြစ်တဲ့အပြင် လက်ရှိ ဖွင့်ထားတဲ့ ကုန်ကြမ်းပစ္စည်းဆိုင်ဟာဆိုရင်လည်း သင်တန်းပို့ချပြီး ရလာတဲ့ ဝင်ငွေကနေ ရင်းနှီးပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့သိရပါတယ်။ ဝါသနာနဲ့ ဘဝရပ်တည်လာတာနဲ့ အလျောက် ချည်ထိုးတာကို အရူးအမူး ဝါသနာပါသူတစ်ဦးပါ။ ချည်မထိုးရရင် မနေနိုင်ဘဲ ချည်မထိုးရရင် ဒေါသတွေ ထွက်လာတဲ့အထိ နေ့တိုင်းကို ချည်ထိုးချင်နေတယ်လို့ သူက ဆိုပါတယ်။ ချည်ထိုးတာဟာ စိတ်ကို အရမ်းငြိမ်စေတယ်လို့လည်း သူကပြောပါတယ်။ 





“ကလေးမေမေတွေ ၊ အိမ်မှာပဲ နေနေရတဲ့ အမျိုးသမီးလေးတွေကိုလည်း ချည်ထိုးတာလေးကို လုပ်စေချင်တယ်။ သူက အိမ်မှာနေရင်း ဝင်ငွေတိုးတာဖြစ်လို့ပေါ့။ ကိုယ်တိုင်လည်း ကလေးအမေဆိုတော့ တစ်ယောက်တည်းမနိုင်တော့ ကိုယ်ရထားတဲ့ အော်ဒါတွေကို ကိုယ့်သင်တန်းသားတွေဆီ ပြန်မျှတာမျိုး လုပ်ပေးဖြစ်တယ်။ ဒီချည်ထိုးအလုပ်လေးကတော့ ဝါသနာကနေ ဝင်ငွေရလာတဲ့ စီးပွားရေးလည်းဖြစ်လို့ အိမ်မှာနေရင်း အပျင်းပြေပဲဖြစ်ဖြစ် စီးပွားရေးအတွက်ပဲဖြစ်ဖြစ် ချည်ကတော့ ထိုးသင့်တယ်လို့ ထင်ပါတယ်။” 


အဲဥရဲ့ ချည်ထိုးသင်တန်းကို တက်ချင်တယ်ဆိုရင်တော့ Ellou Handmade လို့ရိုက်ရှာရုံနဲ့ အွန်လိုင်းကနေ ဈေးနှုန်းချိုသာစွာ ခေါင်းအစခြေအဆုံး ချည်ထိုးနဲ့ ပတ်သက်တဲ့ Handmade သင်တန်းလေးတွေ တက်ရောက်လို့ရသလို ကုန်ကြမ်းပစ္စည်းတွေပါ တပါတည်း ဝယ်လို့ရတာဖြစ်လို့ ချည်ထိုးဝါသနာပါသူတွေအတွက် အရမ်းကို အဆင်ပြေမှာ သေချာပါတယ်။ 


Share

Loading Next Article...
က္က