ဒီလို အစားအသောက်လုပ်ငန်းလေးကို စတင်ခဲ့ချိန်က မဝင့်ရွှေရည်တစ်ယောက် ငွေတစ်သိန်းနဲ့အစပြုခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်လူမျိုးတွေရဲ့ အိမ်မှာချက်စားနေကြပုံစံအတိုင်း ရခိုင်ဟင်းလျာတွေကို အွန်လိုင်းကတစ်ဆင့် ရောင်းချနေတဲ့ Sweety Mommy ရခိုင်အိမ်ချက်လက်ရာလေးနဲ့ Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ အပြင်မှာ ဆိုင်ဖွင့်ထားတာမျိုးမဟုတ်ဘဲ အွန်လိုင်းကတစ်ဆင့် အော်ဒါနဲ့ ရောင်းချနေပေမယ့်လည်း ပုံမှန်ဖောက်သည်တွေနဲ့ စည်ကားနေတဲ့ ရခိုင်အိမ်ချက်လက်ရာလေးပဲဖြစ်ပါတယ်။



အိမ်ရှင်မဘဝကနေ မိမိရဲ့အရည်အချင်းကို ထုတ်ပြနိုင်ခဲ့သူ

Sweety Mommy ရခိုင်အိမ်ချက်လက်ရာလေးတွေကိုရောင်းချနေသူကတော့ အိမ်ထောင်သည် ကလေးတစ်ယောက်မိခင် မယွန်းရွှေရည်ပါ။ ယခင်က ဟိုတယ်ဝန်ထမ်းအဖြစ်နဲ့ အလုပ်လုပ်ကိုင်ခဲ့ပေမယ့် အိမ်ထောင်ရှင်မ ဘဝရောက်ပြီး သမီးလေးမွေးချိန်မှာတော့ ဝန်ထမ်းအလုပ်ကို ထွက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် သမီးလေးကို ပြုစုစောင့်ရှောက်ရင်း အလုပ်လေးပြန်လုပ်ဖို့ကြိုးစားချိန်မှာ အွန်လိုင်းကနေ ရခိုင်စာလေးတွေ ရောင်းဖို့ စိတ်ကူးမိခဲ့တယ်လို့ဆိုပါတယ်။

“ အစ်မကဟိုတယ်ဝန်ထမ်း (၇) နှစ်လောက်လုပ်ဖူးတယ်။ ကလေးမွေးတဲ့အချိန်မှာ ကိုယ်က လူလွတ်မဟုတ်တဲ့အတွက် ဝန်ထမ်းလည်းမလုပ်ချင်တော့ဘူး။အိမ်မှာလည်းနေရင်းနဲ့ ဘာလေးလုပ်ရင်ကောင်းမလဲလို့စဉ်းစားတဲ့အချိန်မှာ ကိုယ်က ရခိုင်လူမျိုးဆိုတော့ ရခိုင်ဟင်းလေးတွေရောင်းမယ်ဆိုပြီး ရောင်းဖြစ်ခဲ့တာပါ” လို့ မဝင့်ရွှေရည်က ဆိုပါတယ်။

ရခိုင်အိမ်ချက်လေးတွေရောင်းဖြစ်ခဲ့ပုံ

Sweety Mommy ရခိုင်အစားအစာဆိုင်လေးမှာ ရန်ကုန်မြို့က ရခိုင်အစားအစာဆိုင်ကြီး အများစုမှာ တွေ့ရတတ်တဲ့ဟင်းလျာတွေမျိုး မဟုတ်ဘဲ  ရခိုင်လူမျိုးတွေရဲ့ အိမ်မှာစားနေကျတဲ့ အိမ်ချက်လက်ရာပုံစံမျိုးလေးအတိုင်း ရနိုင်တာဖြစ်ပါတယ်။

“ အစ်မတို့ ရခိုင်တွေကလေ တစ်ခြားနေရာကိုသွားရင် ဘယ်လောက်ပဲ အစ်မတို့ စားနေကျပဲဖြစ်ဖြစ် လွမ်းကိုလွမ်းတယ်။ အိမ်ချက်ဟင်းလေးတွေကို။ ကိုယ့်ဆီက ချက်တဲ့ပုံစံမျိုးလေးတွေကို တောင့်တနေပြီ။ ဒါကြောင့်အစ်မဆီမှာ ရခိုင်အိမ်တွေမှာချက်တဲ့ပုံစံမျိုးလေးအတိုင်းရောင်းခဲ့တာပါ” လို့ မဝင့်ရွှေရည်က ဆိုပါတယ်။

ငွေတစ်သိန်းနဲ့အရင်းအနှီးစခဲ့တဲ့ ရခိုင်အိမ်ချက်လက်ရာလေး

ဒီလို အစားအသောက်လုပ်ငန်းလေးကို စတင်ခဲ့ချိန်က မဝင့်ရွှေရည်တစ်ယောက် ငွေတစ်သိန်းနဲ့အစပြုခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဝင်ငွေမရှိချိန်မှာ စိတ်ဓာတ်မကျနေဘဲ ကိုယ်ဝါသနာပါရာကိုရှာဖွေခဲ့ပြီး ဒီလုပ်ငန်းလေးကို အရင်းအနှီးနည်းနည်းနဲ့ စတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ အလုပ်ထွက်ပြီး အိမ်ထောင်ကျပြီးနောက် ကိုယ့်မှာအလုပ်မရှိတော့ စိတ်ထဲမှာ အသုံးမကျသလို ခံစားရတယ်။ အဲဒါနဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ အမြဲတမ်းစဉ်းစားတယ်။ လူတစ်ယောက်မှာက Talent တစ်ခုစီရှိတာပဲ။ အချက်အပြုတ်လား၊ အချုပ်အလုပ်လား တစ်ခုခုပေါ့နော်။ အစ်မဆို ဘာမှမတတ်ဘူး။ ဒါပေမယ့် ဒီဟင်းချက်ရောင်းတာလေးနဲ့ စနိုင်ခဲ့တယ်။ အစ်မဒါကို စတဲ့အချိန်မှာ အစ်မအမျိုးသားဆီက ငွေတစ်သိန်းတောင်းလိုက်တယ်။ ဟင်းထည့်ဖို့ဘူးလေးတွေဝယ်တယ်။ ငါးပိ (၁) ပိဿာဝယ်လိုက်တယ်။ ဟင်းချက်စရာတွေ ဝယ်လိုက်တယ်။ အဲဒီကနေ စခဲ့တာပါ” လို့ မဝင့်ရွှေရည်က ဆိုပါတယ်။


တစ်လကို (၂၅) သိန်းဖိုးထိရောင်းရတဲ့အခြေအနေဖြစ်လာ

စရောင်းခါစမှာ မှာယူသူရှိပါ့မလားလို့စိုးရိမ်ရတဲ့အခြေအနေကတော့ အခုတော့ ရောင်းအားကောင်းရင်ကောင်းသလို တစ်လကို (၂၅) သိန်းအထိ ဝင်တဲ့အခြေအနေဖြစ်လာပြီလို့ဆိုပါတယ်။ အွန်လိုင်းကနေ ရောင်းတာဖြစ်တဲ့အတွက် စားသုံးသူတွေဆီပို့ပေးပြီးတာနဲ့ စားသုံးသူတွေရဲ့ တုံ့ပြန်မှုတွေကို အမြဲနားထောင်ပြီး စေတနာပါပါနဲ့ ရောင်းချပေးနေတာကြောင့်လို့လည်း ဆိုပါတယ်။

“ ရောင်းအားကောင်းရင်ကောင်းသလို (၂၅) သိန်းဝင်တယ်။ အစ်မအတွက် (၉) သိန်းလောက်ကျန်တာပေါ့။ ရောင်းအားမကောင်းရင်တော့ အစ်မအတွက် (၄) သိန်းဝန်းကျင်လောက်ကျန်ပါတယ်။ အဓိကကတော့ အစ်မက ကိုယ့်အိမ်မှာစားသလို စေတနာအပြည့်နဲ့လုပ်ပေးတယ်။ ရခိုင်စာ အစပ်ဆိုပေမယ့်လည်း စားလိုက်ရင် ဗိုက်မနာအောင် လုပ်ထားတယ်။ စားသုံးသူတွေ ဘာလိုအပ်လဲ၊ ဘာလိုချင်လဲ အမြဲတမ်း Feedback ပြန်တောင်းပါတယ်” လို့ ဆိုပါတယ်။

Sweety Mommy အိမ်ချက်လက်ရာစားချင်သူတွေအတွက်

ရခိုင်စာအိချက်လက်ရာစားချင်သူတွေအတွက် အပတ်စဉ် အင်္ဂါနေ့၊ စနေနဲ့ တနင်္ဂနွေပိတ်ရက်တွေမှာ မှာယူနိုင်ပြီး ရခိုင်ကြက်သောက်စမ်း၊ ကြက်ပင်စိမ်းရခိုင်ချက်၊ ရခိုင်ငပိချက်၊ မျှစ်ရခိုင်ချက်၊ ခရမ်းသီးအိုးကပ်ချက်၊ ငါးကြင်ပင်စိမ်းရခိုင်ချက်၊ ဝက်ပင်စိမ်းရခိုင်ချက်၊ ရခိုင်မုန့်တီ၊ ပဲသီးဟင်းလှော် စတဲ့ ရခိုင်အိမ်ချက်လက်ရာတွေကိုတစ်ရက်ကြိုတင်မှာယူနိုင်တာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၅၀၀ ကျပ်ကနေ အများဆုံး ၇၀၀၀ ဝန်းကျင်သာဖြစ်ပြီး ဟင်းတစ်ပွဲကို မိသားစု (၃) ယောက်ခန့် စားနိုင်အောင် စီစဉ်ပေးထားတယ်လို့သိရပါတယ်။ ဒါကြောင့်မို့ ရခိုင်အိမ်ချက်လက်ရာစစ်စစ်စားချင်သူတွေအတွက် ဒီဆိုင်လေးကို အွန်လိုင်းကတစ်ဆင့်မှာယူနိုင်တဲ့အကြောင်း ညွှန်းပေးလိုက်တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က