ဖခင်ရဲ့ ရေခဲ့မုန့်ရောင်းတဲ့ပညာအမွေကိုဆက်ဆံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နွေနေပူပူမှာ ရေခဲမုန့်အေးအေးလေးစားလိုက်ရမယ်ဆိုရင်တော့ ရင်ထဲအေးမြမှုကိုခံစားရစေမှာပါ။ ရေခဲမုန့် ကြိုက်သူတွေအတွက် မိရိုးဖလာနည်းအတိုင်း သဘာဝအသီးစစ်တွေနဲ့ပြုလုပ်ထားပြီး တောင်ဥက္ကလာမှာ ဖွင့်လှစ်ထားတဲ့ရေခဲမုန့်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ရေခဲမုန့်ဆိုင်လေးရဲ့အစ အွန်လိုင်းပေါ်က

Orchid Ice Creamလို့နာမည်ပေးထားတဲ့ ဒီရေခဲမုန့်ဆိုင်လေးရဲ့အစကတော့ Onlineကနေရောင်းချတဲ့ဆိုင်လေး အဖြစ်အစပြုခဲ့တာပါ။ဟိုတယ်ဝန်ထမ်းအနေနဲ့အလုပ်လုပ်ကိုင်ခဲ့ရာကနေ ကိုယ်ပိုင်စီးပွားရေးလေး ပြောင်းလဲလုပ်ကိုင်ဖို့စိတ်ကူးကတစ်ဆင့် ရေခဲမုန့်ဆိုင်လေးဖြစ်လာခဲ့တာပါ။

“ဝန်ထမ်းဘဝမှာနှစ်တွေလည်းကြာလာတော့ ငြီးငွေ့လာတယ်။ အဲ့ဒါနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်မယ်လို့ စဥ်းစားတော့ ကိုယ်နဲ့လည်းသိပ်မစိမ်းတဲ့ ရေခဲမုန့်လုပ်ငန်းကိုပဲ လုပ်ဖြစ်တာပါ။စလုပ်ခါစတစ်နှစ်လောက်က ဆိုင်ဖွင့်နိုင်လောက်တဲ့အရင်းအနှီးလည်းမရှိသေးတော့ အွန်လိုင်းကနေပဲရောင်းဖြစ်တယ်။”လို့ Orchid Ice Creamရဲ့ ပိုင်ရှင် ကိုနွေဇော်အောင်ကပြောပါတယ်။

မိဘအမွေအနှစ်ကိုလုပ်ငန်းကိုပြန်လည်ဖော်ထုတ်

ရေခဲမုန့်လုပ်ငန်းဟာ ဖခင်ဖြစ်သူရဲ့ အမွေအနှစ်လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ဖခင်ဖြစ်သူဟာ တစ်ချိန်က အလှူ၊မင်္ဂလာပွဲတွေအတွက် ရေခဲမုန့်အော်ဒါတွေကိုလက်ခံလုပ်ဆောင်ပေးခဲ့သူဖြစ်တာကြောင့် ငယ်စဥ်ကတည်းက ရေခဲမုန့်လုပ်ငန်းနဲ့ရင်းနှီးနေပြီး ကိုယ်တိုင်ကလည်းရေခဲမုန့်စားရတာအလွန်ကြိုက်နှစ်သက်တဲ့သူဖြစ်တယ်လို့ ကိုနွေဇော်အောင်ကပြောပါတယ်။ဒါ့ကြောင့်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ရွေးချယ်တဲ့အခါ ရေခဲမုန့်လုပ်ငန်းကိုပဲ ဆက်ခံဖြစ်တာလို့ဆိုပါတယ်။

“ကျွန်တော်တို့နယ်မှာဆိုရင်အလှူ၊မင်္ဂလာပွဲတွေမှာ အဖေက ရေခဲမုန့်အော်ဒါလုပ်တယ်။ငယ်ငယ်ထဲက အဖေရေခဲမုန့်လုပ်ရင် ကျွန်တော်တို့မောင်နှမတွေက ဝိုင်းကူညီကြတယ်ပေါ့။ကျွန်တော်အခုဒီလုပ်ငန်းကို လုပ်တော့မယ်ဆိုတော့ အဖေမရှိတော့ဘူး။ အဖေက အခြေခံကနေသေချာသင်ပေးခဲ့တဲ့ အဖေတပည့်အရင်း ဆီကနေသွားပြန်သင်ရတယ်။ ကျွန်တော်တို့မောင်နှမ (၅)ယောက်ထဲမှာ ကျွန်တော်ပဲအဖေ့လုပ်ငန်းကို ဆက်ခံတဲ့ သဘောပေါ့။ အဖေသိရင်လည်းဝမ်းသာမှာပါ။”လို့ ကိုနွေဇော်အောင်ကပြောပါတယ်။

အွန်လိုင်းရောင်းချမှုကနေ ဆိုင်ခန်းနဲ့ဖွင့်နိုင်တဲ့ရေခဲမုန့်ဆိုင်လေးဖြစ်လာ

ဒီလိုမိဘအမွေအနှစ်ရေခဲမုန့်ပညာကိုအခြေခံပြီး ခေတ်နဲ့လျော်ညီတဲ့ပေါင်းစပ်လုပ်ကိုင်မှုတွေကြောင့် အွန်လိုင်း ရောင်းချမှုကနေ ပထမဆုံးဆိုင်ခန်းကိုတော့ အင်းစိန်မြို့နယ်မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ လုပ်ငန်းအပေါ် အာရုံစူးစိုက်မှုနဲ့ ရောင်းချတဲ့ကုန်ပစ္စည်းရဲ့အရည်အသွေးကို ဂရုစိုက်မှုတွေကြောင့် ဒုတိယမြောက်ဆိုင်အဖြစ် ရေခဲမုန့်ဆိုင်ကြီးကို တောင်ဥက္ကလာဗြမ္မာစိုရ်လမ်းမှာ ဖွင့်လှစ်ပြီး (၃)နှစ်အတွင်းစားသုံးသူတွေရဲ့အသိအမှတ်ပြု မှုကိုရရှိတဲ့ရေခဲမုန့်ဆိုင်လေးဖြစ်လာပါတယ်။

“အွန်လိုင်းကနေရောင်းတာကနေ ပထမဆုံးဆိုင်ခန်းလေးနဲ့အင်းစိန်မှာဖွင့်တယ်။ အဲ့မှာကိုဗစ်ထဖြစ်တော့ ထိုင်စားတာတွေရောင်းလို့မရတော့ အခက်အခဲလေးတော့ရှိခဲ့တာပေါ့။ ဒါပေမယ့် အခက်အခဲတွေရှိလည်း ကိုယ်ရောင်းတဲ့ပစ္စည်းပေါ်မှာတော့အရည်အသွေးကျမသွားအောင်ဂရုစိုက်တယ်။အဲ့ကနေ အခုကတော့ တောင်ဥက္ကလာမှာ ဆိုင်ခန်းနဲ့သေချာလေးဖွင့်လာနိုင်ပါတယ်။”လို့ ကိုနွေဇော်အောင်ကပြောပါတယ်။

သဘာဝအသီးအစစ်တွေနဲ့သဘာဝကုန်ကြမ်းတွေသာအသုံးပြုထုတ်လုပ်

Orchid Ice Creamမှာရောင်းချတဲ့ ရေခဲမုန့်တွေကိုတော့ ဖခင်ဖြစ်သူရဲ့မိရိုးဖလာနည်းပေါ်မှာအခြေခံကာ နို့အစစ်၊သဘာဝအသီးအစစ်တွေကိုသာ အခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ရာသီပေါ်သီးနှံ့နဲ့လုပ်ကိုင်တဲ့ ရေခဲမုန့်တွေကိုလည်း တစ်နှစ်ပတ်လုံးရရှိနိုင်စေဖို့ ရာသီချိန်မှာစနစ်တကျဝယ်ယူသိမ်ဆည်းထားပြီး ထုတ်လုပ်တာကြောင့် အသီးအစစ်ရဲ့ရေခဲမုန့်အရသာကိုလည်း Orchid Ice Creamမှာရာသီမရွေးရရှိနိုင်ပါတယ်။ ဓာတု အချို၊အနံ၊အရသာ၊အရောင်နဲ့တာရှည်ခံဆေးတွေကိုမသုံးစွဲပဲ သဘာဝအရသာကိုအခြေခံထုတ်လုပ်ထား တာကြောင့် Orchid Ice Creamရဲ့ ရေခဲမုန့်အရသာက တခြားရေခဲမုန့်တွေနဲ့မတူတဲ့အရသာကို ခံစားရစေမှာ ဖြစ်ပြီးသဘာဝအရသာကိုနှစ်သက်သူတွေအကြိုက်တွေ့စေမှာပါ။



ရေခဲမုန့်အမျိုးအစားနဲ့စျေးနှုန်း

Orchid Ice Creamမှာတော့ သဘာဝအသီးအနှံ့တွေဖြစ်တဲ့စတော်ဘယ်ရီ၊ဘလူးဘယ်ရီ၊ထောပတ်သီး၊ကန်စွန်းဥ၊ ဒူးရင်း၊သရက်တို့နဲ့ပြုလုပ်ထားတဲ့ရေခဲမုန့်တွေအပါအ၀င် ဂျပန်ရိုးရာနှမ်းနက်ပျားရည်ရေခဲမုန့်စသဖြင့် ရေခဲမုန့် အရသာ(၁၆)မျိူးထိရရှိနိုင်ပါတယ်။ဒါ့အပြင် classic ဖာလူဒါ၊ စတော်ဘယ်ရီဖာလူဒါ၊ Cheeseဖာလူဒါ၊ ဒူးရင်းဖာလူဒါ၊ဒိုမီနိုနဲ့ဒိန်ချဥ်တို့လည်းရနိုင်ပါတယ်။ရေခဲမုန့် စျေးနှုန်းတွေကတော့ ၁၂၀၀ ကျပ်ကနေစတင်ရွေး ချယ်နိုင်ပါတယ်။

Orchid Ice Cream ဆိုင်လေးရဲ့တည်နေရာ

Orchid Ice Cream ဆိုင်လေးရဲ့လိပ်စာကတော့ အမှန်၁၀၅၀၊၅/၇ ဗြမ္မာစိုရ်လမ်း(၅)ရပ်ကွက်၊တောင်ဥက္ကလာ မြို့နယ်မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်က မနက်၁၀နာရီကနေ ည၈နာရီခွဲအထိဖြစ်ပါတယ်။ပူပြင်းတဲ့နွေရာသီမှာ ရာသီစာရေခဲမုန့်ကောင်းကောင်းလေးစားချင်သူတွေအတွက် သဘာဝအရသာရေခဲမုန့်ကို မြည်းစမ်းကြည့်နိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က