သရဲဇာတ်ကားရိုက်ခဲ့ရတဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။

နန်းဆုဦးတစ်ယောက် ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ကားကြီးရိုက်နေတုန်းက ရေနစ်ပြီး သေရတော့မယ်လို့တောင် တွေးမိတဲ့ အန္တရာယ်မျိုးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Nan Su Oo



နန်းဆုဦးကတော့ “ကြောက်ကြောက်ကြောက် ၂” ရုပ်ရှင်ဇာတ်ကားရိုက်တုန်းက အဖွဲ့သားတွေနဲ့ အတူ ရေနစ်တော့မယ့် အန္တရာယ်မျိုး ကြုံခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ လှော်ကားမှာ ရိုက်တာဖြစ်တဲ့အတွက် အခုလို အန္တရာယ်မျိုးဖြစ်လာမယ်လို့ မထင်ထားဘူးလို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်ကိုယ် သေတော့မှာလို့ပဲ သတ်မှတ်လိုက်တယ်။ ရေထဲနစ်ပြီး သေတော့မယ်။ သူတို့ဘဝတွေတော့ သွားပြီပေါ့နော်။ အဲဒီမှာ တစ်ဘက်မှာရှိတဲ့ ကမ်းစပ်ကလူတွေကို အကျယ်ကြီးပဲ လှမ်းအော်ရတယ်။ သူတို့က လှမ်းသာကြည့်နေတာ နန်းဆုအသံကို မကြားရဘူး။ နန်းဆုတို့ လက်နဲ့ခေါ်နေတာ မြင်ရတဲ့အတွက် ခဏနေတော့ Speed Boat လေးတွေနဲ့ လာကယ်တယ်။ ရေမနစ်ခင်မှာ အကုန်လုံးကို ကယ်ဆယ်နိုင်သွားတယ်။ ဒါပေမယ့် အထိတ်တလန့်တော့ ဖြစ်သွားတယ်” လို့ သူကပြောပါတယ်။

Photo: Nan Su Oo

သရဲဇာတ်ကားရိုက်တဲ့အချိန်တုန်းက အတွေ့အကြုံတွေကိုလည်း နန်းဆုဦးက ပြောပြခဲ့ပါသေးတယ်။ သူ့ရဲ့ သရဲကြောက်တဲ့ အမူအရာကို သရုပ်ဆောင် ဂျိုကာ ကတောင် စနောက်ခဲ့သေးတယ်လို့ ဒီဇင်ဘာလ ၂၄ ရက်နေ့ညက “ကြောက် ကြောက် ကြောက် ၂” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ ကိုယ်က သရဲကားရိုက်နေတယ် ဆိုပေမယ့် လုံးဝကို ကြောက်စိတ်မဖြစ်ဘူး။ သရဲလုပ်တဲ့လူတွေကလည်း ကိုယ့်ရဲ့ အနုပညာညီအစ်ကို မောင်နှမတွေပဲ ဆိုတော့ လုံးဝမကြောက်ဘူး။ ဇာတ်ဝင်ခန်းမှာ သရဲနဲ့ ထိပ်တိုက်ဆုံရတဲ့နေ့တုန်းကတော့ တကယ်လန့်သွားတာ ကိုဂျိုကာကတောင် ပြောနေသေးတယ် ဒီမျက်နှာ အမူအရာကို မှတ်ထားပေါ့။ တကယ် သရဲခြောက်ခံရရင် အဲဒီပုံစံအတိုင်းလုပ်ရမယ်တဲ့” လို့ ဆိုပါတယ်။

Photo: 7Sense

ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။ ဇာတ်ကားအမျိုးအစားကတော့ Horror Comedy အမျိုးအစားဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့ နေတိုး၊ ထွန်းထွန်း၊ တိုင်ရွန်၊ဂျိုကာ၊ နန်းဆုဦး၊ မေမြင့်မိုရ် နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ ပါဝင်ထားပါတယ်။

Photo: 7Sense

နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၄ နှစ်ကျော် ၅ နှစ် ရှိပြီဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသနေတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က