အလှူငွေ သိန်း ၅၀၀ နဲ့ ၉၈ သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါတယ်။

နှင်းဆီလှေ အဖွဲ့သားတွေကတော့ မြို့နှစ်မြို့မှာ ကပြဖျော်ဖြေလို့ရရှိလာတဲ့ အလှူငွေတွေထဲကနေ လိုအပ်တဲ့နေရာတွေမှာ ပြန်လည် လှူဒါန်းနေတာကို တွေ့ရပါတယ်။ အခုလည်း ငွေကျပ် သိန်း ၅၀၀ နဲ့ စားနပ်ရိက္ခာများစွာတို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို လှူဒါန်းခဲ့ပါတယ်တဲ့။

Photo: နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း



ဒါရိုက်တာ မောင်မျိုးမင်းအပါအဝင် သရုပ်ဆောင် နေတိုး၊ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ ရဲလေးတို့ ပါဝင်ကြတဲ့ နှင်းဆီလှေ အငြိမ့်အဖွဲ့သားတွေကတော့ ဒီနေ့(အောက်တိုဘာလ ၁၉ ရက်နေ့) မနက်က လူမှူဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေတဆင့် လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးနိုင်ဖို့ အလှူငွေနဲ့ ပစ္စည်းများ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

‘’နှင်းဆီလှေ အငြိမ့် မှ ရရှိသော ဝင်ငွေများအနက် အလှူငွေသိန်း (၅၀၀) ကျပ် နှင့် တန်ဖိုး (၉၈) သိန်း ရှိ စားသောက်ကုန်များကို ယနေ့ ၁၉.၁၀.၂၀၁၉ ရက်နေ့, နံနက် (၈) နာရီတွင် လူမှူဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သို့ လွှဲပြောင်းလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှလက်ခံရယူပါသည်’’ လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆိုပါတယ်။  

Photo: နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

ဒီအလှူဟာ နှင်းဆီအဖွဲ့သားတွေသာမကပဲ အားပေးကြတဲ့ ပရိသတ်တွေနဲ့လည်း သက်ဆိုင်တဲ့ အလှူဖြစ်တယ်လို့ ဆက်လက်ပြောပြထားပါသေးတယ်။

‘’ယခုအလှူသည် နှင်းဆီ အား အစဉ်မပြတ် အားပေးခဲ့ကြသော ပရိသတ်များ၏ စုပေါင်းပါဝင်သော အလှူပင်ဖြစ်ပါ၍ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ’’ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီကျော်က နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းရဲ့ Facebook Page မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

အဲဒီနောက် အကယ်ဒမီနေတိုးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် နှင်းဆီလှေ အဖွဲ့သားတွေရဲ့ လှူဒါန်းမှုအစုစု တို့ကို ပြန်လည် မျှဝေပေးခဲ့ပါသေးတယ်။ မကြာသေးခင်ကလည်း နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းအဖွဲ့သားတွေဟာ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့တာကိုလည်းတွေ့ရပါတယ်။

‘’ (နှင်းဆီရင်ခွင်) လူမှုကူညီရေးဖောင်ဒေးရှင်းမှ သဘာဝဘေးဒဏ်ခံစားရသောဒေသများ ပြန်လည်ထူထောင်ရေးအတွက်အလှူငွေသိန်း(၅၀၀)နဲ့ စားသောက်ကုန်(၁၅)မျိုးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လှုဒါန်းလိုက်ပါပြီခင်ဗျာ။ ပရိသတ်များအားလုံး အမျှရ၍ သာဓုခေါ်နိုင်ကြပါစေ။ နှင်းဆီအဖွဲ့ရဲ့ကိုယ်စားကျေးဇူးတင် ခြင်းများစွာဖြင့်....နေတိုး’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Sniper

နှင်းဆီလှေ အငြိမ့်ကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဦးဆောင်ကာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ စတဲ့ မြို့ကြီး နှစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့တုန်းကတော့ ရန်ကုန်မြို့မှာရှိတဲ့ YCC မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့ ညမှာတော့ မန္တလေးမြို့က အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က