မိုရီဆာကီဝင်းပါဝင်တဲ့ J Pop Boyband တစ်ခုဖြစ်တဲ့ PRIZMAX ကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဖွဲ့ဖြစ်တာကြောင့်လည်း အားလုံးက စိတ်မကောင်းဖြစ်လို့နေပါတယ်။
Photo: PMH
ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ J Pop ဂီတအဖွဲ့ဖြစ်တဲ့ PRIZMAX အဖွဲ့ကိုတော့ ဝမ်းနည်းစွာနဲ့ ဖျက်သိမ်းရတော့မယ်လို့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ မိုရီဆာကီဝင်းက ဖွင့်ဟ ပြောပြလာပါတယ်။ နောက်ဆုံးအနေနဲ့ မတ်လ ၂၇ ရက်နေ့မှာတော့ PRIZMAX အဖွဲ့ရဲ့ နောက်ဆုံးဖျော်ဖြေပွဲကို ပရိသတ်တွေ မြင်ရဦးမယ်လို့ ဆိုပါတယ်။
"မြန်မာ holic လေးများ .... ၂၀၂၀ မတ်လ၂၇ရက်နေ့ မှာ ကျင်းပမယ့် (PRIZMAX Live Level 0 〜FINAL〜)စတိတ်ရှိုး ဖျော်ဖြေပွဲအပြီးကျွန်တော်တို့ PRIZMAX အဖွဲ့ ကို ဖျက်သိမ်းမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ ကျွန်တော့်Member နဲ့ အတူ မြန်မာပြည်မှာ Live Show လုပ်ဖို့ မဖြစ်ခဲ့တာ တောင်းပန်ပါတယ်ခင်ဗျာ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: PRIZMAX
PRIZMAX အဖွဲ့ကို အားပေးကြတဲ့ အမာခံပရိသတ်တွေအတွက်ကတော့ တကယ်ကို စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ မိုရီဆာကီဝင်း ကိုယ်တိုင်ကလည်း အဖွဲ့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ တကယ်ကို စိတ်မကောင်းဘူးလို့ ဆိုပါတယ်။
"ကျွန်တော်တို့ အများကြီး ဆွေးနွေး စကားပြောခဲ့ ပါတယ်ခင်ဗျာ။ အရမ်းစိတ်မကောင်း ပါဘူးခင်ဗျာ။ကျွန်တော်တို့ နောက်ဆုံး အထိ အင်အားအပြည့် ကြိုးစား သွား ပါမယ် ခင်ဗျာ။ နောက်ဆုံး အထိ အားပေး ပေးကြပါလို့ တောင်းဆို ပါတယ်ခင်ဗျာ" ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: PRIZMAX
Stardust Promotion ကုမ္ပဏီက ၂၀၀၂ ခုနှစ်မှာ Japan Boyband တစ်ခုဖြစ်တဲ့ PRIZMAX စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ Win Morisaki, Daiki Shimizu, Yuki Fukumoto, Tsubasa, Shimada တို့ ပါဝင်ထားကြတာပါ။ PRIZMAX အဖွဲ့မှာတော့ မိုရီဆာကီဝင်းဟာ မြန်မာလူမျိုးတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ ဂျပန်နိုင်ငံသားတွေပါ။ လက်ရှိမှာတော့ မိုရီဆာကီဝင်းတစ်ဦးတည်းက သရုပ်ဆောင် အလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေရတာ တွေ့ရပါတယ်။