ဘိုင်ယန်မြူးနစ်တို့ အဝေးကွင်းမှာ နောက်ကလိုက်ကစားပြီး နောက်ကျချေပဂိုးကြောင့် ရှုံးပွဲမတွေ့ခဲ့ရတာပါ။

နာမည်ကြီး ဘိုင်ယန်မြူးနစ်တို့ မထင်မှတ်ဘဲ ရုန်းကန်ခဲ့ရသလို ဆဲလ်ဘာ့ဂ်ကလည်း အထင်ကြီးလေးစားစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ဒဏ်ရာရနေတဲ့ နူအာမပါဝင်နိုင်ခဲ့ပေမယ့် ကျန်တဲ့နေရာမှာတော့ လူစုံတက်စုံ ပွဲထွက်ခဲ့ပါတယ်။ ဂိုးသမား အူလ်ရစ်ချ်နဲ့အတူ ဇူလာ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ပါဗက်၊ တိုလစ်ဆို၊ ကင်မ်မစ်ချ်၊ ကိုးမန်း၊ ဆာနေး၊ မူလာ၊ နာဘရီနဲ့ လီဝန်ဒေါစကီးတို့ ပါဝင်ခဲ့ပါတယ်။



 

ဆဲလ်ဘာ့ဂ်က ဘိုင်ယန်မြူးနစ်ကို ရှိန်မနေခဲ့ဘဲ သူတို့ရဲ့ကစားဟန်အတိုင်း မြန်နှုန်းမြင့်တိုက်စစ်တွဲလုံးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ခဲ့ပါတယ်။ နူအာမပါတာက ဂိုးရှေ့က နောက်ဆုံးခံတပ်ကြီး မပါဝင်ခဲ့ရုံတင်မဟုတ်ဘဲ နောက်တန်းကို ဦးဆောင်ပေးမယ့် လူတယောက်ကိုပါ ဆုံးရှုံးလိုက်ရသလိုဖြစ်ခဲ့ပါတယ်။ ဗဟိုနောက်ခံလူ ဇူလာက ဆဲလ်ဘာ့ဂ်တိုက်စစ်ကို ထိန်းချုပ်ဖို့ အခက်အခဲရှိခဲ့ပါတယ်။

 

ဆဲလ်ဘာ့ဂ်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၁၁) မိနစ်မှ လူစားဝင်လာတဲ့ အဒါမူက သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမှာလည်း ဘိုင်ယန်မြူးနစ်ကွင်းလယ်နဲ့ နောက်တန်းကြား ဟာကွက်တွေကို မြင်တွေ့ခဲ့ရပြီး ချက်ချင်းဆိုသလိုပဲ ဆဲလ်ဘာ့ဂ်တို့ နောက်တဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အူလ်ရစ်ချ် လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။

 

ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ်ရဲ့တိုက်စစ်ပိုင်းက ရှိသမျှ လူကုန်ထုတ်သုံးလာခဲ့တာဖြစ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဆိုတာလည်း မရှိတော့ပါဘူး။ ဘိုင်ယန်မြူးနစ်အတွက် အဖိုးတန်ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ ကိုးမန်းကသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်လိုအသင်းတသင်းက ချန်ပီယံလိဂ်လိုပွဲမျိုးမှာ ဒီလိုရလဒ်မျိုးထွက်ခဲ့တာက ကျေနပ်စရာမဖြစ်ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်မှာ မန်စီးတီးပြီးရင် ရေပန်းအစားဆုံးအသင်းတွေထဲကတသင်းပါ။

 

တဖက်က ဆဲလ်ဘာ့ဂ်ကိုလည်း မဖြစ်မနေ ချီးကျူးရပါလိမ့်မယ်။ သူတို့ရဲ့ပုံစံအတိုင်း ပွဲကိုအစပြုခဲ့ပြီး ဦးတည်ရာမဲ့နေတဲ့ ဘိုင်ယန်မြူးနစ် နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီအတိုင်းဆိုရင်တော့ ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ကစားမယ့်ပွဲက ဒုတိယအကျော့ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။ 

Share

က္က