ဂျူဗင်တပ်စ်နဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က ရာသီဥတုပြောင်းလဲမှုကို အကာအကွယ်ပေးနိုင်ဖို့ ပီအက်စ်ဂျီအနေနဲ့ ရထားနဲ့ ခရီးသွားတာကို ပိုမိုဦးစားပေးဖို့ အစီအစဥ်ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာရဲ့အဖြေကတော့ အမ်ဘာပေကို ပွဲကျစေခဲ့ပါတယ်။



ပီအက်စ်ဂျီဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ အခုလိုပဲ အားလုံးပွဲကျရမယ့် ကိစ္စတခုက ဖြစ်ပွားခဲ့တာပါ။ နန့်တက်စ်နဲ့ အဝေးကွင်းပွဲမှာ ပီအက်စ်ဂျီ အသင်းသားတွေ လေယာဥ်နဲ့ ခရီးသွားတဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး ရထားနဲ့ခရီးသွားရင် (၂) နာရီသာ ကြာမြင့်မှာကို ဒီလိုမျိုး လေယာဥ်အသုံးပြုခဲ့တယ်လို့ ထောက်ပြခဲ့ကြပါတယ်။



အခု ဒီသတင်းစာရှင်းလင်းပွဲမှာလည်း ရာသီဥတုပြောင်းလဲမှုကို ပီအက်စ်ဂျီဘက်က တတ်နိုင်သလောက် ပါဝင်ကာကွယ်ပေးဖို့ သတင်းထောက်တယောက်က မေးမြန်းခဲ့တာပါ။ ဒီမေးခွန်းကို မေးခံရချိန်မှာ ဂဲလ်တီယာက သူနဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ အမ်ဘာပေကို လှည့်ကြည့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အမ်ဘာပေက ရယ်မောနေခဲ့ပြီး ဂဲလ်တီယာက သတင်းထောက်ရဲ့မေးခွန်းကို စတင်ဖြေဆိုခဲ့ပါတယ်။



ဂဲလ်တီယာက “ကျနော် ခင်ဗျား မေးခွန်းကို သဘောပေါက်ပါပြီ။ အရိုးသားဆုံးပြောရရင် ဒီမနက်ကပဲ ကျနော်တို့ရဲ့ ခရီးစဥ်တွေကို စီစဥ်ပေးနေတဲ့ ကုမ္ပဏီနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ ကျနော်တို့အနေနဲ့ အဝေးကွင်းပွဲတွေ သွားကန်တဲ့အခါ သဲရွက်လှေတွေကို အသုံးပြုလို့ဖြစ်နိုင်မလားဆိုတာကို စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂဲလ်တီယာရဲ့ ဒီပြောစကားကို ပြင်သစ် အားကစားဝန်ကြီး ကက်စတဲရာက ဝေဖန်ခဲ့ပြီး “မစ္စတာ ဂဲလ်တီယာရေ၊ ကျမတို့အနေနဲ့ ရှင့်ဆီက ပိုပြီး သက်ဆိုင်တဲ့၊ တာဝန်ယူမှုရှိတဲ့ အဖြေကို လိုချင်ခဲ့ပါတယ်။ ကျမတို့ ဒီကိစ္စနဲ့ပတ်သက်လို့ စကားပြောကြမလား” လို့ တွစ်တာကတဆင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က