ယူနိုက်တက်နဲ့ ဒုတိယအကျော့အတွက် ဆီမြွန်နီက ပြောကြားခဲ့တာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲအတွက် သူ့အသင်းကို ယုံကြည်ချက်ရှိတဲ့အကြောင်း၊ ယူနိုက်တက်ကို ဒုက္ခပေးနိုင်မယ်ဆိုတဲ့အကြောင်းတွေ ဖွင့်ဟပြောကြားခဲ့ပါတယ်။



ပထမအကျော့ စပိန်မြေအိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတုန်းက အက်သလက်တီကိုတို့ အသာစီးရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ အီလန်ဂါရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး တဖက်တဂိုးစီ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီနှစ်မှာ အဝေးဂိုး စည်းမျဥ်းတွေမရှိတော့တာကြောင့်လည်း အခု ဒုတိယအကျော့က ယူနိုက်တက်နဲ့အက်သလက်တီကို နှစ်သင်းလုံးအတွက် အခွင့်အရေးဆတူရှိနေဆဲဖြစ်ပါတယ်။

အက်သလက်တီကိုဟာ လာလီဂါမှာ (၃) ပွဲဆက်တိုက် အနိုင်ရရှိပြီး ခြေစွမ်းပြနေတဲ့ အသင်းလည်းဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆီမြွန်နီက “နှစ်သင်းလုံးမှာရှိတဲ့ ကစားသမားတွေရဲ့ အနေအထားနဲ့ ကစားပုံတွေအရ ဒီပွဲက သိပ်ကို ပြင်းထန်ပေါက်ကွဲတဲ့ ပွဲတပွဲဖြစ်လာမှာပါ။ ကျနော် ဒါကို စိတ်ကူးယဥ်ကြည့်လို့ရပါတယ်”

“နှစ်သင်းလုံးအတွက်လည်း အလှည့်အပြောင်းဖြစ်စေတဲ့ အခိုက်အတန့်တွေရှိလာမှာပါ။ ကျနော်တို့ကတော့ ယူနိုက်တက်ကို High Pressing ကစားမယ်၊ ဒါမျိုးက ခင်ဗျားတို့ မျှော်လင့်နေတဲ့ အနေအထားပဲဖြစ်လာမှာပါ။ အဝေးကွင်းမှာ ကစားရတဲ့အခါမျိုးမှာ တခါတလေ အခက်အခဲအချို့နဲ့တော့ ခင်ဗျား ရင်ဆိုင်ရနိုင်ပါတယ်”

“ဒါပေမယ့် ကျနော်တို့ကလည်း ယူနိုက်တက်ရဲ့ အမှားတွေကို စောင့်ကြည့်ပြီး တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးတွေရှိထားပါတယ်။ ပွဲစဥ်တိုင်းက ကွဲပြားခြားနားတာကို ကျနော်တို့ သိထားပါတယ်။ အင်္ဂလန်မှာ နောက်ပိုင်းနှစ်တွေ လာကစားခဲ့တုန်းကလည်း ကျနော်တို့ ပုံစံကောင်းပြနိုင်ခဲ့တယ်လေ”

“အခု ယူနိုက်တက်နဲ့ပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ သိထားပြီး ပွဲထဲမှာလည်း ကျနော်တို့ တတ်နိုင်သလောက် အကောင်းဆုံးပုံစံတွေကို ပြသသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆီမြွန်နီဟာ ပထမအကျော့ပွဲအပြီးမှာလည်း လာမယ့် ဒုတိယအကျော့မှာ ယူနိုက်တက်တို့ တိုက်စစ်ပိုဖွင့်ကစားဖို့ မျှော်လင့်ထားတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က