ယူနိုက်တက်က အဝေးကွင်း ၃ပွဲဆက် နိုင်ပွဲယူထားတာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ရဲ့ စနေနေ့မှာတော့ အစောဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ ယူနိုက်တက်တို့ ကစားသွားမှာပါ။ ဒီပွဲကတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံအဝေးကွင်းမှာ လေးပွဲဆက်တိုက် ကစားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ပွဲစလုံးကိုတော့ သူတို့ကအနိုင်ယူခဲ့ပါတယ်။ ဘုန်းမောက်ကတော့ အက်ဒီဟိုဝီရဲ့ လက်ထက်မှာ ခြေစွမ်းကောင်းတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်နဲ့ ရမှတ်တူနေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီးတေ့ာ သုံးသပ်ပေးရမယ်ဆိုရင်တော့..။


နှစ်ဖက်အသင်းသတင်း

- ဘုန်းမောက်မှာ ကွင်းလယ်လူဂေါ့စလင်းပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေးဗစ်ဘရော့ခ် နဲ့ စတန်နီစ်လက်စ်တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။

- ယူနိုက်တက်မှာလည်း ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ ပါဝင်ဖို့မသေမချာဖြစ်နေပါတယ်။ ပေါ့ဂ်ဘာ၊ လုခ်ရှော၊ မာတစ်၊ တွန်ဇီဘီတို့ကတော့ သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှု/အချက်အလက်မှတ်တမ်းများ

- ဘုန်းမောက်ကတော့ ယူနိုက်တက်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ရပွဲမှာ လုံးဝအနိုင်မရရှိခဲ့ပဲ တစ်ပွဲသာသရေကစားနိုင်ခဲ့ပြီး ခြောက်ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။

- ယူနိုက်တက်ကတော့ ဘုန်းမောက်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ၁၆ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာ တစ်ပွဲပဲ ရှိခဲ့ပြီး အဆိုပါပွဲကလည်း ၁၉၈၄ ခုနှစ်က အက်ဖ်အေဖလားပွဲဖြစ်ပါတယ်။

- ဘုန်းမောက်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ၃ပွဲမှာ ဂိုးလုံးဝမသွင်းနိုင်ခဲ့ပဲ တစ်ပွဲအရေးနိမ့်ပြီး နှစ်ပွဲသရေကျခဲ့ပါတယ်။

- ယူနိုက်တက်ကတော့ နော်ဝှစ်ချ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ ၈ပွဲဆက်တိုက် အဝေးကွင်းနိုင်ပွဲမရတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းဆယ်ပွဲမှာလည်း ယူနိုက်တက်က ပွဲတိုင်းကို ဂိုးပေးခဲ့ရပါတယ်။

- ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပင်နယ်တီလေးကြိမ်အထိ လွဲချော်ထားခဲ့ဖူးပါတယ်။ ဒါက ၁၉၉၄-၉၅ မှာ စပါး၊ ၂၀၁၁-၁၂ မှာ လီဗာပူးလ်တို့က တစ်ရာသီလုံးမှာ ပင်နယ်တီငါးကြိမ်အထိ လွဲချော်မှုကို လိုက်မီဖို့ တစ်ကြိမ်သာလိုအပ်တော့တာဖြစ်ပါတယ်။


ခန့်မှန်းချက်

- ယူနိုက်တက်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအဝေးကွင်း ၃ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပါတယ်။ အဝေးကွင်းရလဒ်တွေဆိုးရွားနေခဲ့လို့ ဝေဖန်ခံနေခဲ့ရပြီးနောက်မှာ အံ့အားသင့်ဖွယ်ရာအဖြစ် နိုင်ပွဲဆက်ခဲ့တာလည်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ ၅ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဘုန်းမောက်ကတော့ အိမ်ကွင်းမှာဆို ခြေစွမ်းပိုကောင်းလေ့ရှိပါတယ်။ ယူနိုက်တက်ကို ဂိုးသွင်းယူနိုင်မယ့် ကော်လမ်ဝီဆင်၊ ဂျိုရှူအာကင်းတို့လို တိုက်စစ်မှူးတွေလည်း ရှိနေပါတယ်။ ဒီပွဲကတော့ နှစ်သင်းပေါင်းသွင်းဂိုးများဖို့ သေချာနေပြီး ယူနိုက်တက် အနိုင်ရမယ်ဆိုရင်တောင်မှ ကပ်အနိုင်ယူရုံလောက်သာ ရှိပါလိမ့်မယ်။

Share

က္က