မတ်လ (၂၈) ရက်ကနေ ဧပြီလ (၃၀) ရက်နေ့အထိဖြစ်ပါတယ်

COVID-19 ရောဂါကာကွယ်ရေးအတွက် လူစုလူဝေးနဲ့ ခရီးသွားလာခြင်းကို ကန့်သတ်ဖို့ အဝေးပြေးယာဉ်လိုင်းတွေမှာ ခရီးသည်ထက်ဝက်လျှော့ချပြီး ကားခနှစ်ဆတိုးမြှင့်ရောင်းချဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွန်ကြားထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ မန္တလေးက ထွက်ခွာတဲ့ ခရီးသည်ယာဉ်တွေ အားလုံးဟာ မတ်လ (၂၈) ရက်ကနေ ဧပြီလ (၃၀) ရက်နေ့အထိ ခရီးသည်ကို ပုံမှန်ထက် တစ်ဝက်သာ သယ်ယူပို့ဆောင်ဖို့၊ လက်မှတ်ခကို နှစ်ဆ ဈေးနဲ့ ရောင်းချဖို့၊ ခရီးသည်တွေကိုလည်း တစ်ဦးနဲ့ တစ်ဦးနီးကပ်မှုမရှိအောင် နေရာချထားပေးဖို့ တွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

“ အဓိကကတော့ သွားလာမှု လျှော့ချနိုင်အောင်လို့ အယောက် (၄၀) ဆို (၂၀) ပဲတင်ရမယ်။ ခုံတွေခြားပြီးတော့မှ ထိုင်ခိုင်းရမယ်။ ကားလုပ်ငန်းရှင်တွေလည်း အဆင်ပြေအောင် ကားခ ကို နှစ်ဆဆိုတော့ အရင်က တစ်သောင်းဆို အခု နှစ်သောင်းဖြစ်သွားမယ်။ ဈေးကြီးသွားတော့ အရေးပေါ် သွားစရာမဟုတ်တဲ့သူတွေက မသွားတော့ဘူး။ ဒီလိုနည်းနဲ့ အရေးပေါ် ထိန်းချုပ်နိုင်ဖို့ လုပ်တာပါ။” လို့ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က Duwun ကိုပြောပါတယ်။

ခရီးသည်ကို ပုံမှန်ထက် တစ်ဝက်လျှော့ချသယ်ယူပို့ဆောင်ရတဲ့အတွက် ယာဉ်လိုင်းတွေ နစ်နာမှုမရှိအောင် လက်မှတ်ခကို နှစ်ဆ တိုးမြှင့်ရောင်းချရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက ရည်ရွယ်ချက်မှာ ခရီးသည်အရေအတွက် လျှော့ချရေးဖြစ်တာကြောင့် နားလည်သဘောပေါက်ဖို့နဲ့ အများပြည်သူအကျိုးအတွက် မဖြစ်မနေ အလေးထားဆောင်ရွက်ကြဖို့ကိုလည်း ညွန်ကြားထားပါတယ်။

“ ပိုက်ဆံတိုးတောင်းတာတော့ မဖြစ်သင့်ဘူးပေါ့နော်။ သာမာန်လူတန်းစားတွေအတွက်က ဘာမှ မဖြစ်လောက်ပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ တကယ့်ကို ခက်ခဲစေမှာပါ ။ တစ်ဖက်ကကြည့်ရင်တော့ ကျွန်တော့်အမြင်ပေါ့နော် . ခရီးသွားလာမှုနည်းသွားအောင် အကြံအစည်ရှိရှိနဲ့ လုပ်သလားလို့တော့ ထင်တယ်ဗျ ။ ဘာလို့ဆို ဒီအချိန်မှာက COVID-19 ပျံ့နှံ့မှာစိုးလို့ အားလုံးက စိုးရိမ်ပူပန်နေကြတာဆိုတော့ ယာဉ်စီးခတိုးခြင်းကြောင့် မသွားမဖြစ်တဲ့လူတွေလောက်ပဲ သွားကြမယ်ပေါ့ . ခရီးသွားတာကို ထိန်းထားသလို ဖြစ်စေမယ်ထင်တာပဲ။ ဒါပေမယ့် တကယ့်လိုအပ်တဲ့ လူတွေအတွက်ကိုတော့ အစိုးရက တစ်ခုခု စီစဉ်ပေးသင့်ပါတယ် “ လို့ လမ်းမတော်မြို့နယ်နေထိုင်သူတစ်ဦးဖြစ်တဲ့ ကိုခန့်ဟိန်းသူက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဒီညွန်ကြားချက်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပို့ဆောင်ဆက်သွယ်ရေးအာဏာပိုင်တွေက ထုတ်ပြန်တာဖြစ်ပြီး အခုလောလောဆယ်မှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်း တွေကို ညွန်ကြားထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က