ဒေသစံတော်ချိန် ဇန်နဝါရီ ၃၁ ရက်၊ ည ၁၁ နာရီမှာ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိနိုင်ငံက ၄၇ နှစ်ကြာ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်ရှိလာခဲ့ပြီးနောက် တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

(Photo: AFP via Getty Images)

ကျွန်တော်တို့ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါပြီ


ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့ပြီးနောက် သုံးနှစ်အကြာ ဒေသစံတော်ချိန် ဇန်နဝါရီ ၃၁ ရက်၊ ည ၁၁ နာရီ (မြန်မာစံတော်ချိန် ဖေဖေါ်ဝါရီ ၁ ရက်၊ မနက် ၅ နာရီ ၃၀ မိနစ်) မှာ တရားဝင် နုတ်ထွက်လိုက်ကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မှုအပေါ် ပြည်သူတွေကြား အောင်ပွဲခံမှုတွေနဲ့ ဝမ်းနည်းပူပန် ကန့်ကွက်မှုတွေ ကွဲပြားစွာရှိနေခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တဲ့ ဗြိတိန်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းမှ ပထမဆုံး နုတ်ထွက်လိုက်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ထောင်နဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေက ဒေသစံတော်ချိန် ယမန်နေ့ည ၁၁ နာရီမှာ ဥရောပသမဂ္ဂမှ နုတ်ထွက်ခြင်းအထိမ်းအမှတ် အောင်ပွဲခံရန်အတွက် လန်ဒန်မြို့ရဲ့ လွှတ်တော်ရင်ပြင်မှာ နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ စုံရုံးရောက်ရှိနေခဲ့ကြပါတယ်။

(Photo: Peter Macdiarmid/LNP)

"ကျွန်တော်တို့ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါပြီ" လို့ အောင်ပွဲခံ ဗြိတိန်ပြည်သူတွေထဲမှာ ပါဝင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဂျွန်မော့စ်က ပြောပါတယ်။ တစ်ချိန်တည်းမှာပင် ဗြိတိန်မှာနေထိုင်ကြတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသား ၃.၆ သန်းမှ အများအပြား အပါအဝင် ဥရောပသမဂ္ဂလိုလားသူတွေကလည်း ထိုအခိုက်အတန့်ကို ဖယောင်းတိုင်မီးများထွန်းပြီး ကန့်ကွက်ကြောင်းပြသခဲ့ကြပါတယ်။

မြောက်အိုင်ယာလန်မှာလည်း Brexit ကို ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိနုတ်ထွက်မှု Brexit အရေးနဲ့ပတ်သက်ပြီး ဗြိတိန်ပြည်သူတွေကြား ထောက်ခံတဲ့အုပ်စုနဲ့ ကန့်ကွက်တဲ့အုပ်စုအဖြစ် အုပ်စုနှစ်ခုကွဲခဲ့ကြပါတယ်။

(Photo: Downing Street)

ကျွန်တော့်အလုပ်က ဒီနိုင်ငံကို အခု တစ်စိတ်တစ်ဝမ်းတည်း အတူတကွဖြစ်စေပြီး ကျွန်တော်တို့ ရှေ့ဆက်ဖို့ပါပဲ

Brexit ကို ထောက်ခံသူတွေက လန်ဒန်မြို့လယ်မှာ ဥရောပသမဂ္ဂအလံကို မီးရှို့ခဲ့မှုနဲ့ ခြေထောက်ဖြင့်နင်းခြေမှုတွေလည်း လုပ်ခဲ့ကြပါတယ်။ ဗြိတိန်ဟာ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး အစရှိတာတွေမှာ သီးခြားရပ်တည် ဆောင်ရွက်သွားတော့မှာဖြစ်ပြီး ခက်ခဲတဲ့ အခြေအနေလည်း ရင်ဆိုင်လာရနိုင်ကြောင်း သုံးသပ်မှုတွေလည်းရှိနေပါတယ်။

"ကျွန်တော် ဒီခံစားချက်အားလုံးနဲ့ အစိုးရတစ်ရပ်အဖြစ် ကျွန်တော်တို့ရဲ့အလုပ်ကို နားလည်ပါတယ်၊ ကျွန်တော့်အလုပ်က ဒီနိုင်ငံကို အခု တစ်စိတ်တစ်ဝမ်းတည်း အတူတကွဖြစ်စေပြီး ကျွန်တော်တို့ ရှေ့ဆက်ဖို့ပါပဲ" လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဗြိတိန်က Brexit ကိုထောက်ခံသူတွေက ဗြိတိန်ကို ဥရောပသမဂ္ဂရဲ့ မူဝါဒတွေအရ လိုက်နာဆောင်ရွက်တာမျိုး မဟုတ်တဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်သွားစေလိုကြပါတယ်။

(Photo: AP)

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး Brexit ပြည်သူ့ဆန္ဒခံယူပွဲကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၅၁.၈၉ ရာခိုင်နှုန်းဖြင့် အတည်ပြုနိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ထရီဆာမေက ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး Brexit အစီအစဥ်ကို ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ထရီဆာမေဟာ ၂၀၁၉ ခုနှစ်မှာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး သူမရဲ့နေရာကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရယူခဲ့ပါတယ်။ ထို့နောက် ၂၀၁၉ ခုနှစ် ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာလည်း ကွန်ဆာဗေးတစ်ပါတီက အနိုင်ရရှိခဲ့ပြီး ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

(Photo: John McLellan)

ကွန်ဆာဗေးတစ်ပါတီဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲမှာ အကြီးမားဆုံး အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂမှ ဗြိတိနိုင်ငံ တရားဝင် နုတ်ထွက်လိုက်မှုကို 'မျှော်လင့်ချက်ရဲ့ အခိုက်အတန့်၊ လူအများအပြား ဘယ်တော့မှ ဖြစ်လာခဲ့လိမ့်မယ်လို့ မတွေးခဲ့ဖူးတဲ့ အခိုက်အတန့်' လို့ ဂုဏ်ပြုညွှန်းဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မှု အကူးအပြောင်းကာလကို ၁၁ လ သတ်မှတ်ထားကြောင်း သိရပါတယ်။

Source: BBC, Reuters, Daily Mail

Share

Loading Next Article...
က္က