အသင်းကစားသမားတွေက အခုချိန်ထိ သွင်းဂိုးမရသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ နှစ်ပွဲစလုံးကို အရေးနိမ့်ထားပြီး အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေရပြီဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဘရိုက်တန်ကို ၁-၂၊ အဝေးကွင်းမှာ ဘရန်ဖို့ဒ်ကို ၄-၀ တို့နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး သူတို့အသင်းကစားသမားတွေရဲ့ သွင်းဂိုးတဂိုးမှ မရရှိသေးဘဲ ဘရိုက်တန်ကစားသမားအယ်လစ္စတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကိုသာ ရရှိထားတာဖြစ်ပါတယ်။ 

လာမယ့်တပတ်မှာတော့ ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၃ ပွဲဆက်တိုက်အရေးနိမ့်နိုင်တဲ့အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ လီဗာပူးလ်ကလည်း ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် သရေကျထားပြီး နိုင်ပွဲပျောက်ထားလို့ ယူနိုက်တက်နဲ့ပွဲမှာ အနိင်ရဖို့ အားကုန်ထုတ်သုံးလာမှာဖြစ်သလို ခြေစွမ်းပိုင်းနဲ့ ကစားသမားပိုင်းအရ သာလွန်နေလို့လည်း အပေါ်အသင်းအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

တကယ်လို့သာ အဆိုပါပွဲမှာ ယူနိုက်တက်က ဂိုးမသွင်းနိုင်ခဲ့ဘူး၊ ဂိုးမရခဲ့ဘူးဆိုရင်တော့ သူတို့အသင်းဟာ ဩဂုတ်လအတွက် တလတာအကောင်းဆုံးသွင်းဂိုးဆုကို ရွေးချယ်နိုင်တော့မှာမဟုတ်ပါဘူး။ ကလပ်အသင်းတိုင်းက အသင်းတွင်းမှာ တလတာအကောင်းဆုံးကစားသမားဆု၊ တလတာသွင်းဂိုးဆုတွေကို ရွေးချယ်နေကြတာဖြစ်ပြီး ယူနိုက်တက်ကစားသမားတွေ ဂိုးမရခဲ့ဘူးဆိုရင် ဒီလိုရွေးချယ်နေစရာမလိုအပ်တော့တာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ပရိသတ်တွေကတော့ ယူနိုက်တက်ကစားသမားတွေ ဂိုးမသွင်းယူနိုင်ခဲ့ဘူးရင် သူတို့အသင်းရဲ့ ဩဂုတ်လတလတာအကောင်းဆုံးကစားသမားဆုကို ဘရိုက်တန်ကစားသမားအယ်လစ္စတာကို ပေးအပ်လို့ရတယ်လို့ လှောင်ပြောင်နေကြပါတယ်။ ယူနိုက်တက်တို့ ရရှိထားတဲ့ တလုံးတည်းသောသွင်းဂိုးကို အယ်လစ္စတာက ကိုယ့်ဂိုးကိုယ်သွင်းယူပေးထားတာကြောင့်လည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က