ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က လက်ရှိနွေရာသီအပြောင်းအရွှေ့အတွက် ကစားသမားသစ် ထပ်မံခေါ်ယူတော့မှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ မာလာစီယာ၊ လီဆန်ဒရို၊ အဲရစ်ဆင်၊ ကက်စ်မဲရိုးနဲ့ အခု နောက်ဆုံး အန်တိုနီနဲ့ ဒူဘရာကာတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။
အသင်းအနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ ကစားသမားသစ်ခေါ်ယူရေး လှုပ်ရှားသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အထူးသဖြင့် ယူနိုက်တက်ဟာ ညာနောက်ခံလူနေရာအတွက် ထပ်မံအင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုထွက်ရေး၊ မထွက်ရေးကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ဒီသတင်းတွေအားလုံးကို ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကိုယ်တိုင်က အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ တန်ဟက်ခ်က “အားလုံးရှင်းလင်းပြီးသွားပါပြီ။ ကျနော်တို့အတွက် အရည်အချင်းရှိ ကစားသမားတွေ လိုအပ်ပါတယ်။ ပွဲအားလုံးကို လွှမ်းခြုံနိုင်မယ့် ကစားသမားအရေအတွက်လည်း လိုအပ်ပါတယ်”
“နောက်ပြီး တည်ငြိမ်တဲ့ အနေအထားတခုကို ထိန်းသိမ်းနိုင်ဖို့အတွက်ပေါ့။ ကျနော်တို့ လိုအပ်နေတာက ဒါပါပဲ။ လက်ရှိလူစာရင်းနဲ့ ကျနော်တို့ အနည်းဆုံး ဇန်နဝါရီအထိ ခရီးဆက်ပါမယ်” လို့ဆိုကာ ဝမ်ဘစ်ဆာကာလည်း အသင်းမှာ ဆက်ရှိမယ့် အကြောင်း အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အေဂျက်စ်က ခေါ်ယူထားတဲ့ အန်တိုနီ၊ နယူးကာဆယ်ဂိုးသမား ဒူဘရာကာတို့နဲ့ အပြောင်းအရွှေ့ကိစ္စတွေကို အပြီးသတ်နေပါတယ်။
အန်တိုနီကတော့ ဒီကြားရက်မှာ ကစားမယ့် လက်စတာနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘဲ လာမယ့် တနင်္ဂနွေညမှာ ကစားမယ့် အာဆင်နယ်နဲ့ပွဲမှသာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် အခု တန်ဟက်ခ်ရဲ့ ပြောစကားကြောင့် ယူနိုက်တက်တို့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကိုခေါ်ယူရေးကိစ္စရပ်တွေအားလုံးကလည်း အလိုလို အဆုံးသတ်ခဲ့ပြီးဖြစ်ပါတယ်။