ပြေတီဦးက ပညာတက်ကျောင်းသား၊ ကျောင်းသူ များစွာတို့ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အခုဆိုရင်တော့ ပြေတီဦးဖောင်ဒေးရှင်းဟာ ၁၀ နှစ်တာခရီးကို ရောက်ရှိလို့လာခဲ့ပါပြီ။
ပြေတီဦးကတော့ သူကိုယ်တိုင်ဦးဆောင်တဲ့ ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ပညာတက် ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ်ပေးနိုင်ခဲ့လို့ အရမ်းကို ပီတိဖြစ်ရတယ်လိုု့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အရမ်းကို ပီတိဖြစ်ပါတယ်။ အရမ်းလည်း ကျေနပ်တယ်၊ ဝမ်းသာခဲ့ရတယ်။ ကျွန်တော်ဆိုရင် ကလေးတွေ အများကြီးကို ကူညီပေးလိုက်နိုင်ပြီဆိုတော့ အဲဒီပီတိက အရမ်းကို အရသာရှိပြီးတော့ ပျော်စရာကောင်းတယ်။ ပြန်တွေးလိုက်တိုင်း မျက်နှာက ပြုံးဖြီးဖြီးကြီးဖြစ်နေတယ်ပေါ့နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ အလှူရှင်များနဲ့ ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို တက်ရောက်ရင်း ပြောခဲ့တာပါ။
လက်ရှိမှာလည်း တာဝန်ကျရာနေရာတွေမှာ တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေရှိနေပြီလို့ ပြေတီဦးက ဝမ်းသာအားရနဲ့ ပြောပြခဲ့ပြန်ပါတယ်။
‘’ဖောင်ဒေးရှင်းအနေနဲ့ကတော့ ဆရာဝန် ၇၄ ယောက်ဖြစ်ပြီးသွားပါပြီ။လုံးဝ ဆရာဝန်ဖြစ်သွားတာပါ။ အင်ဂျင်နီယာဖြစ်သွားတာကတော့ ၆ ယောက်ရှိပါပြီ။ ဘွဲ့ရသွားတဲ့ လူတွေအားလုံး ၇၀ ရှိပါပြီ။ ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ လက်ရှိမှာကျောင်းတက်နေရတဲ့ ကလေး စုစုပေါင်းကတော့ အယောက် ၁၀၀ နီးပါးရှိပါတယ်။ သူတို့တွေကို လက်ရှိ ဖောင်ဒေးရှင်းက ဆက်ပြီးတော့ ကျောင်းထားပေးနေပါတယ်’’ လို့ သူကဆိုပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းမှာတော့ ဆေးကျောင်းမတက်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ စက်မှုတက္ကသိုလ်မတက်နိုင်တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဥပဒေကျောင်းကို မတက်ရောက်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ပညာရေးထောက်ပံ့ငွေ ပေးနေတာဖြစ်ပါတယ်။ နောက်ထပ်လည်း ပညာရေးတက္ကသိုလ်မတက်နိုင်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားဦးမယ်လို့ပြေတီဦးက ပြောပါတယ်။
‘’အဓိက ကတော့ Fan ငွေပေါ်မှာ မူတည်တယ်ပေါ့နော်။ ကျွန်တော့် ဖောင်ဒေးရှင်းမှာရှိနေတဲ့ ငွေနဲ့ တာဝန်ယူထားပေးတဲ့ ကလေးတွေကတော့ သူ့ဟာနဲ့သူ ညီမျှတယ်။ ထပ်ပြီးတော့ ကျွန်တော် ထောက်ပံ့ပေးချင်တယ်။ ထပ်ပြီးတော့ တိုးချင်တယ်ဆိုရင် ရန်ပုံငွေကို ကျွန်တော် ထပ်ရှာမှရမယ်။ ရန်ပုံငွေ ထပ်ရှာဖို့ကိုလည်း ကြိုးစားနေတယ်။ ရန်ပုံငွေရပြီဆိုရင်တော့ ပညာရေးတက္ကသိုလ်တက်မယ့် ကျောင်းသား၊ ကျောင်းသူ တစ်နှစ်ကို ၂ ယောက်လောက် ထပ်တိုးပေးချင်တဲ့ အစီအစဉ်တော့ ရှိပါတယ်’’ လို့ သူကဆိုပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းကိုတော့ ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ဆိုရင်တော့ ၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။