ပိုးမမှီသာကတော့ အနုပညာအလုပ်တွေကို ရသလောက် ကြိုးစားကြည့်ချင်တယ်လို့ ဆိုပါတယ်။ စိုင်းစိုင်းနဲ့တောင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ထားပါသေးတယ်။
Photo : ပိုးမမှီသာ
ပရိသတ်တွေရဲ့ အချစ်တော် ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ သူမအရမ်းကြိုက်နှစ်သက်တဲ့ အနုပညာအလုပ်ကို လုပ်နိုင်သလောက် လုပ်သွားမယ်လို့ ပြောပါတယ်။ဒါ့အပြင် သူမြတ်နိုးတဲ့ ဆရာဝန်အလုပ်လည်း လုပ်ချင်သေးတယ်တဲ့။
“ အခုကတော့ ကျောင်းပြီးအောင် တက်ဖို့ လုပ်နေတယ် ။တစ်နှစ်ကျော်လောက်ပဲ ကျန်တော့တယ်။ကိုယ်မြတ်နိုးတဲ့ ဆရာဝန်အလုပ်ကိုလည်း လုပ်ချင်တယ်။ အနုပညာအလုပ်ကိုလည်း ကြိုက်နှစ် သက်တယ်ဆိုတော့ ရသလောက်အချိန်အတွင်းမှာ လုပ်နိုင်သလောက်လေး လုပ်ချင်ပါသေးတယ်” လို့ သြဂုတ်လ(၃၁) ရက်နေ့က Duwun Media သို့ ပြောပြခဲ့ပါတယ်။
Photo : RBV
အနုပညာအလုပ်တွေ အများကြီး မလုပ်သေးပေမယ့်လည်း သူမကို ချစ်ပေးကြတဲ့ ပရိသတ်တွေရှိလို့ အရမ်းဝမ်းသာမိတယ်လို့ ဆိုပါတယ်။ တချို့ပရိသတ်တွေက သူမကို ဆရာဝန်ပဲ ဖြစ်စေချင်ကြသလို တချို့ပရိသတ်တွေကတော့ အနုပညာအလုပ် လုပ်စေချင်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“ပရိသတ်တွေ အများကြီး ချစ်ပေးကြလို့ ဝမ်းသာမိတယ်။ ပီတိလည်း ဖြစ်မိပါတယ်။ တချို့တွေကျတော့လည်း အနုပညာအလုပ်တွေ ဆက်လုပ်စေချင်တယ်။ တချို့တွေကျတော့ ဆရာဝန်အလုပ်လုပ်စေချင်တယ်။ အနုပညာအလုပ်ကိုတော့ ကိုယ်လုပ်နိုုင်ရင် လုပ်နိုင်သလောက် လုပ်သွားဖို့တော့ ရှိပါတယ်” လို့ သူမက ဆိုပါတယ်။
Photo : ပိုးမမှီသာ
ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးထားတာဖြစ်ပါတယ်။
Photo : ပိုးမမှီသာ
‘’ပိတောက်ကတဲ့ ဂီတ’’ ရုပ်ရှင်ဇာတ်ကားထဲကိုတော့ ဒါရိုက်တာ မီးပွားက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မန္တလေး၊ ပြင်ဦးလွင်မြို့တို့မှာ ရိုက်ကူးနေကြတာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ကျော်သူနဲ့ ပိုးမမှီသာတို့က ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပိုးမမှီသာနဲ့ စိုင်းစိုင်းတို့ အတူတွဲပြီး ပထမဆုံးအကြိမ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။