Epic Games ရဲ့ တည်ထောင်သူ တင်မ်ဆွီနေးဟာ မြောက်ကယ်ရိုလိုင်းနားမှာ ဧက ၁၅၀၀ ရှိတဲ့ မြေကွက်လပ်ကြီးတစ်ခု ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။
Photo: NVIDIA Blog
သဘာဝအလှအပတွေကို ထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး ဆွီနေးဟာ၂၀၁၈ မှာလည်း Alamance County မှာရှိတဲ့ ၁၉၃ ဧက ကျယ်တဲ့ မြေကွက်တစ်ခု ဝယ်ခဲ့သူ ဖြစ်ပါတယ်။ ဆယ်နှစ်ကျော်အတွင်း ဆွီနေးဟာ မြေဧကပေါင်း ၄ သောင်း နီးပါး ဝယ်ယူနိုင်ခဲ့ပြီး မြောက်ကယ်ရိုလိုင်းနားမှာ အကြီးဆုံး ပုဂ္ဂလိက မြေပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဆွီနေးဟာ သူဝယ်ထားတဲ့ မြေတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အဖွဲ့အစည်းနဲ့ပရောဂျက်တွေကို ပြန်လှူတာပါ။ ရည်ရွယ်ချက်ကတော့ မြောက်ကယ်ရိုလိုင်းနားက အသက်ဘေးအန္တရာယ် ခြိမ်းခြောက်ခံထားရတဲ့ တိရစ္ဆာန်နဲ့အပင်မျိုးစေ့တွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။
Business Insider ရဲ့ ဖော်ပြမှုအရ ဆွီနေးဟာ ၂၀၁၈ ထဲမှာ အသားတင် ဒေါ်လာ ၇ ဘီလျံကျော် ပိုင်ဆိုင်လာပြီး Bloomberg ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ မှာ ၁၉၄ ယောက်မြောက်နေရာကို ရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၆ နိုဝင်ဘာလထဲမှာလည်း သူဟာ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း ဖြစ်တဲ့ Box Creek Wilderness ရဲ့ မြေဧက ၇၀၀၀ ကို ကာကွယ်ဖို့ဒေါ်လာ ၁၅ သန်းကျော် လှူဒါန်းခဲ့ပါတယ်။
ဆွီနေးတည်ထောင်တဲ့ Epic Games ဟာ ၂၀၁၈ ထဲမှာ အသားတင်ဒေါ်လာ ၃ ဘီလျံကျော် မြတ်ခဲ့ပါတယ်။ Fortnite နဲ့Unreal Engine ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ အမေရိကန်ဂိမ်းကုမ္ပဏီ Epic Games ကို ၁၉၉၁ ခုနစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ဟာ ဒီဂိမ်းကုမ္ပဏီအတွက် ထူးခြားတဲ့ မှတ်တမ်းတွေ ရခဲ့တာပါ။
Photo: Mashable
Epic Games ကုမ္ပဏီ ထုတ် Fortnite ဟာ လစဉ်ကစားသူ သန်း ၂၀၀ ကျော် ရှိလာပြီး items တွေနဲ့Battle pass ရောင်းအားကနေ ဝင်ငွေ တဟုန်းထိုး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီ သက်တမ်း အနှစ် ၃၀ ခန့်အတွင်း Epic Games ဟာ ဒီလိုဝင်ငွေနဲ့ဒီလောက် ကစားသမား မရခဲ့ဘူးလို့လည်း ဆိုပါတယ်။