ဩစတြေးလျမှာ သန်းနဲ့ချီတဲ့ အနီရောင်ဂဏန်းများ သမုဒ္ဒရာအတွင်းသို့ နှစ်စဥ် ရွှေ့ပြောင်းမှုအဖြစ် ခရစ်မတ်ကျွန်းတစ်လျှောက် ဖြတ်သန်းရွှေ့ပြောင်းခဲ့ကြပါတယ်။
(Photo: Park Australia via Reuters)
ဩစတြေးလျနိုင်ငံ အနောက်ဩစတြေးလျပြည်နယ် ကမ်းလွန်ရှိ ခရစ်စမတ်ကျွန်းပေါ်မှာ ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) က ဂဏန်းအုပ်စုကြီး ဖြတ်သန်းသွားနေတာ ဒေသခံတွေ တွေ့ခဲ့ကြရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ "ဒီနှစ် ဂဏန်းတွေ ရွှေ့ပြောင်းမှုကတော့ လုံးဝ အကြီးစားပဲ" လို့ ခရစ်မတ်ကျွန်းအမျိုးသားဥယျာဥ် (Christmas Island National Park) သဘာဝအရင်းအမြစ်ဆိုင်ရာ မန်နေဂျာ Brendan Tiernan က ပြောပါတယ်။
(Photo: Park Australia via Reuters)
"လမ်းမတွေပေါ်မှာ ဂဏန်းနီတွေ အပြည့်ပဲ၊ ဂဏန်းအုပ်စုကြီးတွေကြောင့် ဒီကျွန်းငယ်လေးပေါ်မှာ ယာဥ်ကြောပိတ်ဆို့မှုပါ ဖြစ်ကုန်တယ်၊ လူတွေ ကားထဲကနေထွက်ပြီး ဂဏန်းတွေကို ဖယ်ရှားခဲ့ကြရတယ်" လို့ ၎င်းကဆိုပါတယ်။ ဂဏန်းများ မျိုးပွားကြရန် တောအုပ်ထဲကနေ ပင်လယ်သမုဒ္ဒရာသို့ ရွှေ့ပြောင်းကြခြင်းဟာ ဂေဟစနစ်ဖြစ်စဥ်တစ်ခု ဖြစ်ပြီး ယခုပမာဏအထိ များပြားလှတဲ့ ဂဏန်းအုပ်စုကြီး ရွှေ့ပြောင်းတာကိုတော့ အခြား ကမ္ဘာ့နေရာဒေသတွေမှာ မတွေ့ရဘူးလို့ Brendan Tiernan က မှတ်ချက်ပြုပါတယ်။
(Photo: Park Australia via Reuters)
"တစ်ခါတစ်ရံ ဒီကျွန်းကို ဂဏန်းနီကျွန်းလို့ ခေါ်ကြတယ်၊ ကျွန်းမှာရှိတဲ့ လူတွေက ဂဏန်းနီတွေဟာ ကျွန်တော်တို့ရဲ့ ဂေဟစနစ်နဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေး၊ ခရီးသွားလုပ်ငန်းအတွက် ဘယ်လိုအရေးပါတယ်ဆိုတာ သိနားလည်ကြပါတယ်" လို့ ၎င်းက ပြောပါတယ်။ ဂဏန်းတွေဟာ မိတ်လိုက်ပြီးနောက် ဂဏန်းအထီးတွေက တောထဲသို့ ပြန်လာကြပြီး ဂဏန်းအမတွေကတော့ ဥဥရန် မြေကျင်းတွေထဲမှာ နှစ်ပတ်ကြာခန့် နေခဲ့ကြပါတယ်။ ဂဏန်းအမတစ်ကောင်ဟာ ဥအရေအတွက် ၁၀၀,၀၀၀ အထိ ဥနိုင်တယ်လို့ ဆိုပါတယ်။ ခရစ်စမတ်ကျွန်းမှ ဂဏန်းနီတွေဟာ ထိုကျွန်းရဲ့ ထူးခြားမှုတစ်ရပ်ဖြစ်ပြီး ၎င်းတို့ကို ဩစတြေးဥပဒေအရ ကာကွယ်စောင့်ရှောက်ထားကြောင်း သိရပါတယ်။