ဩစတြေးလျနိုင်ငံရှိ လူနေကျဲပြီး အစွန်အဖျားကျတဲ့ မြောက်ပိုင်းနယ်မြေထဲမှာ လမ်းပျောက်သွားခဲ့တဲ့ လူငယ်နှစ်ဦးဟာ ရေမသောက်ရဘဲ ရက်နဲ့ချီကြာ အသက်ရှင်ခဲ့တဲ့ဖြစ်ရပ်က အံ့ဩစရာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ် Mahesh Patrick နဲ့ ၂၁ နှစ်အရွယ် Shaun Emitja တို့ကို Alice Springs အနီး သောကြာနေ့ (အောက်တိုဘာ ၁၅ ရက်) နဲ့ စနေနေ့ (အောက်တိုဘာ ၁၆ ရက်) တို့မှာ သီးခြားစီ ပြန်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ ရေဓာတ်ခမ်းခြောက်ပြီး ခြေကုန်လက်ပန်းကျနေတာကလွဲပြီး အခြေအနေကောင်းမွန်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Mahesh Patrick နဲ့ Shaun Emitja တို့ရဲ့ကားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (အောက်တိုဘာ ၁၁ ရက်) က အစွန်အဖျားနေရာတစ်လျှောက် လေးနာရီကြာ မောင်းနှင်းလာစဥ် မြေကြီးထဲ ကားဘီးနစ်သွားခဲ့ပြီး ဆက်လက်မောင်းနှင်မရဖြစ်ခဲ့ပါတယ်။ ထို့နောက် ၎င်းတို့က ကားထဲမှာပင် တစ်ညလုံးနေခဲ့ပြီး နောက်တစ်နေ့ မိုးလင်းချိန်မှာ ရေရှာထွက်ခဲ့ကြပါတယ်။
တောင်တန်းတစ်ခုဆီသို့ ၃ မိုင်ကျော်မျှ လမ်းလျှောက်လာခဲ့ကြပြီးချိန်မှာတော့ ၎င်းတို့နှစ်ဦး လမ်းမှားနေခဲ့ပြီလို့ သိရှိသွားခဲ့ကြကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ "သူတို့က Sandover အဝေးပြေးလမ်းဆုံကို ရောက်မယ်လို့ ထင်ခဲ့ကြတာ" လို့ မြောက်ပိုင်းနယ်မြေ (Northern Territory) ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: NT Police)
၎င်းတို့နှစ်ဦးဟာ Alice Springs အနောက်တောင်ဘက် ၇၅ မိုင်အကွာရှိ Aboriginal အရပ်သို့ ပြန်ရောက်မလာပြီးနောက် ပျောက်ဆုံးနေကြောင်းကို ရဲတပ်ဖွဲ့က သတင်းလက်ခံရရှိခဲ့ပါတယ်။ Mahesh Patrick နဲ့ Shaun Emitja တို့က ရေတွေ့ခဲ့တဲ့ တောင်တန်းတစ်ခုမှာ ညဘက် ယာယီနေထိုင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
"သူတို့ နောက်ဆုံးအကြိမ် ရေရရှိခဲ့ကြတာက အင်္ဂါနေ့ (အောက်တိုဘာ ၁၂ ရက်) ဖြစ်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်" လို့ ခေတ္တရဲတပ်ဖွဲ့အကြီးအကဲ Kirsten Engels က ပြောပါတယ်။ နောက်ပိုင်းမှာတော့ ၎င်းတို့နှစ်ဦးဟာ မည်သည့်အကြောင်းကြောင့်မသိရဘဲ လမ်းခွဲလာခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
Mahesh Patrick တစ်ဦးတည်း ၂၂ မိုင်အကွာအဝေးကို လမ်းလျှောက်လာခဲ့တာဖြစ်ပြီး ၎င်းကို အောက်တိုဘာ ၁၅ ရက် ညပိုင်းမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ ထို့နောက် Shaun Emitja ကို လေကြောင်းကနေ ရှာဖွေရန်အတွက် Mahesh Patrick က ကူညီခဲ့ပြီး ၎င်းကိုလည်း အောက်တိုဘာ ၁၆ ရက်ညမှာ ပြန်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
"သူတို့ အသက်ရှင်နေတာ အရမ်းကံကောင်းပါတယ်၊ အခြေအနေက ဘယ်လောက် ခက်ခဲကြမ်းတမ်းမလဲဆိုတာ အားလုံးသိကြပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ အစွန်အဖျား နေရာဒေသတွေမှာ သောင်တင်နေခဲ့ပါက မိမိတို့ရဲ့ကားထဲမှာပဲ နေကြရန် အာဏာပိုင်တွေက အကြံပေးထားပါတယ်။ ဩစတြေးလျရဲ့ အစွန်အဖျားနေရာတွေကို ခရီးသွားသူတွေအနေနဲ့ အစားအစာနဲ့ လူတစ်ဦးစီအတွက် ရေ ၄ ပုလင်း သယ်ဆောင်သွားကြရန်လည်း အာဏာပိုင်တွေက အကြံပြုထားကြောင်း သိရပါတယ်။