လေမှုတ်ရဲတိုက်ဟာ လေထဲကို အမြင့်ပေ ၃၂ ပေနီးပါးအထိ မြင့်တက်ရောက်ရှိသွားခဲ့ပါတယ်

ဩစတြေးလျနိုင်ငံ တက်စ်မန်နီးယားပြည်နယ် မူလတန်းကျောင်းတစ်ကျောင်းမှာ လေပြင်းတိုက်ခတ်စဥ် ကလေးကစားကွင်းရှိ လေမှုတ်ရဲတိုက်အရုပ်ကြီးတစ်ခု လေထဲသို့ လွင့်ပါသွားခဲ့ပြီး ကလေးများပြုတ်ကျခဲ့ရာ ၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ အခြား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) ပြောပါတယ်။

"အခု စိတ်မကောင်းစွာနဲ့ အတည်ပြုနိုင်တာက ကလေး ၅ ယောက် သေဆုံးခဲ့ပါတယ်၊ ၄ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဒဏ်ရာပြင်းထန်ပါတယ်" လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လေတိုက်ခတ်မှုကြောင့် လေမှုတ်ရဲတိုက်ဟာ လေထဲကို အမြင့်ပေ ၃၂ ပေနီးပါးအထိ မြင့်တက်ရောက်ရှိသွားခဲ့ရာမှ ကလေးများပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။



တက်စ်မန်းနီးယားပြည်နယ်ရဲ့ Devonport မြို့ရှိ Hillcrest မူလတန်းကျောင်းမှာ အဆိုပါ ဝမ်းနည်းကြေကွဲစရာ မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်မှာ ရဟတ်ယာဥ်များအပါအဝင် အရေးပေါ်ဌာနတွေက ကျောင်းကိုရောက်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ အချက်အလက်အပါအဝင် အသေးစိတ် အကြောင်းအရာတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိဘဲ ယောက်ျားလေး ၂ ဦးနဲ့ မိန်းကလေး ၂ ဦးဖြစ်တယ်လို့ အစောပိုင်းသတင်းတွေက ဆိုပါတယ်။ ဩစတြေးလျမီဒီယာတွေက ဖော်ပြမှုအရ ထိုကျောင်းမှာ ခရစ်စမတ်ပိတ်ရက်များ မတိုင်မီ စာသင်နှစ်ပြီးဆုံးခြင်း အထိမ်းအမှတ်ပွဲတစ်ခု ကျင်းပနေခဲ့တယ်လို့ သိရပါတယ်။ 

နောက်ဆက်တွဲသတင်းအရ ဒဏ်ရာရခဲ့တဲ့ ကလေးတွေအနက်မှ တစ်ဦး ‌သေဆုံးခဲ့‌ကြောင်းနဲ့ သေဆုံးသူအရေအတွက် ၆ ဦးဖြစ်လာကြောင်း သိရပါတယ်။

Source: ABC News, NST / Photo: ABC News, Tasmania Police


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က